
ထိုင်းရိုးရာနှစ်သစ်ကူး ဆုန်ကရန် (သင်္ကြန်)ရေသဘင်ပွဲတော်ကို ဧပြီ ၁၂ ရက်က စတင်ကျင်းပနေတာမှာ ဘန်ကောက်မြို့တော်မှာတော့ ထိုင်းပြည်သူတွေနဲ့အတူ နိုင်ငံခြားသားတွေ ပျော်ရွှင်စွာ ရေကစားနေကြပါတယ်။
ပွဲတော်အတွင်း တေးဂီတသံတွေ ဖွင့်ထားချိန်မှာ ဒေသခံတွေနဲ့ နိုင်ငံခြားခရီးသွားတွေဟာ ရေသေနတ်တွေ ကိုင်ဆောင်ရင်း ပြည့်ကျပ် လူစည်ကားတဲ့ လမ်းတွေတလျှောက်မှာ အချင်းချင်း ရေပက်ဖျန်းခဲ့ကြပါတယ်။
ရေကစားပွဲတော်မှာ ပါဝင်သူတချို့က အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွေကြောင့် ဖြစ်လာတဲ့ ကမ္ဘာ့လောင်စာဆီ အကျပ်အတည်းနဲ့ ဈေးနှုန်းတွေ မြင့်တက်လာခြင်းကနေ ယာယီလွတ်မြောက်ရာ လမ်းကို ရှာတွေ့ခဲ့တယ်လို့ ပြောပါတယ်။
ဂျာမန်ခရီးသည်တယောက်က ဒါဟာ “ကမ္ဘာ့ပြဿနာတွေကို မေ့ပစ်ဖို့” ပွဲတော်တခု ဖြစ်တယ်လို့ ပြောပါတယ်။
ဒေသခံ ပါရာဖတ်အွန်ချွိုင်က ဆုန်ကရန်ရေသဘင်ပွဲဟာ ကမ္ဘာကြီး အလွန်ရှုပ်ထွေးနေချိန် ကျနော်တို့ရဲ့စိတ်ကို ကုစားဖို့ ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ပြည်သူတွေ အကြီးမားဆုံး သုံးစွဲမှုကာလတွေထဲက တခုဖြစ်တဲ့ ဆုန်ကရန်ပွဲတော်အတွင်း သုံးစွဲမှု ၃ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ တက္ကသိုလ် စစ်တမ်းတခုအရ သိရပါတယ်။
ပွဲတော်ကာလ သုံးစွဲမှုက ဘတ် ၁၃၀ ဘီလီယံ (ဒေါ်လာ ၃ ဒသမ၅ ဘီလီယံ) လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ဖြေဆိုသူ ၃၆ ရာခိုင်နှုန်းက အသုံးအစွဲ လျှော့ချဖို့ စီစဉ်ထားကြောင်း သဘောထား ဖော်ပြခဲ့ကြပါတယ်။
အချင်းချင်း ရေပက်ဖျန်းတာဟာ သန့်စင်ခြင်း၊ ရိုသေလေးစားခြင်းနဲ့ ကံကောင်းခြင်းကို ကိုယ်စားပြုတဲ့ ရှေးဟောင်းထုံးတမ်းစဉ်လာတရပ်လည်း ဖြစ်ပါတယ်။










