ငွေတုဖြင့်ဈေးဝယ်သည့် ထိုင်းအမျိုးသားကို တာချီလိတ်တွင် ဖမ်းဆီးမိ
DVB
·
January 14, 2015
မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ထိုင်းအမျိုးသားတဦးကို ထိုင်း ဘတ်ငွေ ၁၀၀၀ တန်အတုတွေနဲ့ လက်ဝယ်တွေ့ရှိလို့ မြန်မာရဲက ဖမ်းဆီးထားတယ်လို့ ဒီကနေ့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။
အသက် ၂၆ နှစ်အရွယ် အူဒွန်ဆတ်ခ် တွန်ဂျမ်ပီးဟာ ဈေးမှာ စီးကရက်ဝယ်စဉ် ဈေးသည်က မသင်္ကာလို့ စစ်ဆေးရာက ငွေအတုဖြစ်ကြောင်း သတိထားမိပြီး ရဲကို တိုင်ကြားဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီကနေ့ထုတ် နိုင်ငံပိုင် မြန်မာ သတင်းစာတွေကလည်း ဒီသတင်းကိုဖော်ပြရာမှာ တာချီလိတ် တာလော့ဈေးထဲမှာ ဇန်န၀ါရီ ၁၂ ရက်နေ့က ဘတ်ငွေအတုနဲ့ ဈေးဝယ်နေတဲ့ ထိုင်းနိုင်ငံသားတဦး ကို ဈေးသူဈေးသားတွေနဲ့ ဆိုင်ကယ်တက္ကစီအဖွဲ့ အတူ ပူးပေါင်းဖမ်းဆီးခဲ့တဲ့သတင်း ဖော်ပြထားပါတယ်။
သူ့ထံကနေ အတုလို့ ယူဆရတဲ့ ထိုင်းဘတ်ငွေ ၁၀၀၀ တန် ၁၈ ရွက်၊ ၁၀၀ တန် ၁၆ ရွက်ကို သိမ်းဆည်းရမိပြီး အမှုဖွင့် အရေးယူထားပါတယ်။
