
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ညောင်ပင်သာကျေးရွာက ဆေးရုံနဲ့ လူနေအိမ်တွေကို စစ်ကောင်စီတပ် က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဆေးရုံနဲ့ လူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဧပြီ ၂ ရက်၊ ညနေ ၃ နာရီဝန်းကျင်မှာ စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးသီး ၁၂ လုံးလောက် ကြဲချ တိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ကနဦးဆုံး မိထ္တီလာတပ် ဂျက်ဖိုက်တာက ဗုံးကြဲ ချသွားတာ။ အဲဒီလို ကြဲချသွားတဲ့နေရာကို ရွာသားတွေ ရှင်းလင်းရေးဝင်နေတာကို တံတားဦး လေတပ်ကနေ နောက်ထပ်ထပ်ကြဲချတယ်။ သိပ်ပြီးမကြာဘူး ပခုက္ကူလေတပ် ဂျက်ဖိုက်တာက လာကြဲ ချတယ်” လို့ ပြောပါတယ်။
လူအထိခိုက်တော့ မရှိဘဲ လူနေအိမ်နဲ့ ဆေးရုံအဆောက်အအုံ ၈ လုံးထက်မနည်း ပျက်စီးသွားတယ် လို့ ရွာသားတယောက်က ပြောပါတယ်။
“လာမကြဲခင် အရင်ရက်ကတည်းက လေယာဉ်နဲ့ ဗုံးကြဲချမယ်ဆိုတဲ့သတင်း ကြိုရထားလို့ ကျနော်တို့ ရွာသားတွေ ကြိုရှောင်နေကြတာ။ အဲဒါကြောင့် အသေဆုံးအထိခိုက်မရှိတာ။ လူနေအိမ် အပျက်အစီးကတော့ အတိအကျ မသိရသေးဘူး။ ကနဦးသိထားတာက ၈ လုံးထက်မနည်း ပျက်စီး တယ်လို့တော့ သိထားရတယ်”
လုံခြုံမှုမရှိသေးတာကြောင့် ညောင်ပင်သာကျေးရွာက ပြည်သူတွေကို ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရွာထဲ မဝင်ခိုင်းသေးဘူးလို့ သိရပါတယ်။
ညောင်ပင်သာရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ကလည်း မုံရွာ နမခကနေ စက်တပ်လေထီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ယောက် သေဆုံးပြီး အမျိုးသမီး ၄ ယောက် ဒဏ်ရာရရှိခဲ့ ပါတယ်။










