
အမြန်လမ်းအသုံးပြုခ ထိုင်းဘတ် ၅၀ အငြင်းပွားမှုကနေ မြန်မာခရီးသည် ၅ ယောက်ရဲ့ ပြင်းပြင်းထန်ထန် ဝိုင်းဝန်းရိုက်နှက်တာ ခံခဲ့ရတာကြောင့် မျက်စိတဖက် ကွယ်သွားပြီး အလုပ်မလုပ်နိုင်တော့တဲ့ အသက် ၆၁ နှစ်အရွယ် ထိုင်းအွန်လိုင်းအငှားယာဉ်မောင်းတယောက်က တရားမျှတမှုရရှိဖို့ အကူအညီတောင်းခံလိုက်တဲ့အကြောင်း Khaosod ထိုင်းသတင်းမှာ ဇူလိုင် ၆ ရက်က ဖော်ပြပါတယ်။
ဆူပါချိုင်း အမည်ရ အဆိုပါယာဉ်မောင်းဟာ ဘန်ကောက်မြို့က ဆိုင်းမိုင်တွန်ရော့ ပြည်သူ့အကူအညီပေးရေးစင်တာကို လာရောက်တိုင်ကြားခဲ့ရာမှာ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ၃ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ ရဲတပ်ဖွဲ့က တရားခံတွေကို ဒီကနေ့တိုင် ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အမှုဟာလည်း ထူးခြားမှုမရှိဘဲ ကြန့်ကြာနေတယ်လို့ ပြောလိုက်တာပါ။
ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်က သူဟာ ဘန်ကောက်မြို့၊ မော်ချစ်အဝေးပြေးကားဝင်းကနေ မြန်မာနိုင်ငံသား အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်၊ စုစုပေါင်း ၅ ယောက်ကို တင်ဆောင်ပြီး ဆမွတ်ပရာကန်ခရိုင်၊ ဘန်ဖီက ဟိုတယ်တခုဆီ ပို့ဆောင်ဖို့ အွန်လိုင်းကနေ အလုပ်လက်ခံခဲ့တာ ဖြစ်ပါတယ်။
လမ်းခရီးမှာ ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားဖို့ အမြန်လမ်းကနေ သွားရမလားလို့ ခရီးသည်တွေကို မေးမြန်းခဲ့ရာမှာ သူတို့က အစပိုင်းမှာ ဝေခွဲမရဖြစ်နေပေမဲ့ နောက်ဆုံးမှာတော့ သဘောတူခဲ့တာကြောင့် ယာဉ်မောင်းဖြစ်သူက အမြန်လမ်းကြေး ဘတ် ၅၀ ကို ကိုယ်တိုင် ကြိုတင်စိုက်ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဟိုတယ်ရောက်ရှိချိန်မှာတော့ အငှားယာဉ် အက်ပလီကေးရှင်းပေါ်မှာ ကျသင့်ငွေ ၇၂၀ ဘတ် ပြသနေတာကြောင့် ဆူပါချိုင်းက စိုက်ထုတ်ထားတဲ့ အမြန်လမ်းကြေး အပါအဝင် စုစုပေါင်း ၇၇၀ ဘတ် တောင်းခံခဲ့ချိန်မှာ ခရီးသည်တွေက ဘတ် ၅၀ ပိုတောင်းတယ်ဆိုကာ ပေးဖို့ ငြင်းဆန်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီလို ငြင်းဆန်နေချိန် ရှေ့ခန်းမှာ ထိုင်နေပြီး ထိုင်းစကားပြောတတ်တဲ့ မြန်မာအမျိုးသားတယောက်က သူ့ကို ဓာတ်ပုံရိုက်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ဆူပါချိုင်းက တားဆီးရာကနေ စကားများ ရန်ဖြစ်ခဲ့ကြပြီးနောက် သူ့မျက်နှာကို ပြင်းပြင်းထန်ထန် အကြိမ်ပေါင်း ဝိုင်းဝန်းထိုးနှက်ခဲ့ကြတာကြောင့် သတိလစ်သွားခဲ့ပြီး မြန်မာခရီးသည် ၅ ယောက်စလုံးက ယာဉ်စီးခလည်းမပေးဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတာလို့ ဆိုပါတယ်။
သူ့အနေနဲ့ ဘန်ဖီဆေးရုံမှာ သတိပြန်လည်လာချိန်မှာတော့ ညာဘက်မျက်တွင်းရိုး ကျိုးသွားတာ၊ ဦးခေါင်းဒဏ်ရာရရှိတာတွေနဲ့အတူ ဦးနှောက်အတွင်း သွေးယိုစီး ဒဏ်ရာရရှိထားကြောင်း ဆရာဝန်တွေက စစ်ဆေးတွေ့ရှိခဲ့ကြတဲ့အပြင် နောက်ဆက်တွဲ စစ်ဆေးချက်တွေအရ သူ့ရဲ့ ညာဘက်မျက်စိဟာ ပြင်းထန်စွာ ပျက်စီးသွားပြီး အလင်းကွယ်သွားခဲ့ရသလို လက်ရှိအချိန်ထိ ခေါင်းကိုက်၊ မူးဝေ စတဲ့ ဝေဒနာတွေကို ခံစားနေရဆဲဖြစ်လို့ ယာဉ်မောင်းအလုပ်ကိုလည်း ဆက်လက်မလုပ်ကိုင်နိုင်တော့ဘဲ မသန်စွမ်းအဖြစ် မှတ်ပုံတင်လိုက်ရတယ်လို့ ဆိုပါတယ်။
သူဟာ ဆေးရုံက ဆင်းပြီးနောက် ဘန်ကယောက်ရဲစခန်းမှာ သွားရောက်တိုင်ချက် ဖွင့်ခဲ့ပေမဲ့ စုံစမ်းစစ်ဆေးရေးအရာရှိတွေက သံသယရှိသူတွေရဲ့ နာမည်၊ နိုင်ငံကူးလက်မှတ် နံပါတ်တွေကိုသာ ရရှိထားပြီး နေရပ်လိပ်စာ၊ လုပ်ငန်းခွင် ဒါမှမဟုတ် ဆက်သွယ်ဖို့ အချက်အလက်တွေကို ရယူထားခြင်း မရှိတာကြောင့် တရားခံတွေကို လိုက်လံဖမ်းဆီးဖို့ ခက်ခဲနေရတယ်လို့ သူက ပြောထားပါတယ်။
ဆိုင်းမိုင်တွန်ရော့စင်တာ တည်ထောင်သူ အက်ကဖော့ လောင်ဖရာဆာ့တ်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ ဘန်ကယောက် စခန်းမှူးဆီ တိုက်ရိုက်ဆက်သွယ်မယ်လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဟိုတယ်က စီစီတီဗွီလုံခြုံရေးကင်မရာ မှတ်တမ်းတွေကို စစ်ဆေးရင် တရားခံတွေကို ဖော်ထုတ်နိုင်မှာဖြစ်လို့ ဒီအမှုဟာ စုံစမ်းရ မခက်ခဲနိုင်ကြောင်း သူက ထောက်ပြထားပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အမြန်ဆုံး အရေးယူနိုင်ရေး ရဲတပ်ဖွဲ့အနေနဲ့ အမှုအမြန်ဖွင့် ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
Source: Khaosod










