DVB Logo
Home
Lead Story
မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိမှုနှုန်း ကမ္ဘာတွင် မြန်မာက ဒသမ အများဆုံးနိုင်ငံဖြစ် - အင်တာဗျူး
DVB
·
January 13, 2015
မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိမှုနှုန်း ကမ္ဘာတွင် မြန်မာက ဒသမ အများဆုံးနိုင်ငံဖြစ် - အင်တာဗျူး
Donate to DVB

land mine1 copyကမ္ဘာပေါ်မှာ ၂၀၁၃ ခုနှစ်အတွင်း လူသတ်မိုင်းကြောင့် ဒဏ်ရာရရှိမှုနှုန်းထဲမှာ မြန်မာပြည်က ဒသမမြောက်အများဆုံး  ဖြစ်တယ်လို့  မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ (မြန်မာနိုင်ငံ) ရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကမ္ဘာတဝန်းရှိ လူသတ်မိုင်းတွေ ပပျောက်ကင်းစင်ရေးအတွက် မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ကို ၁၉၉၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့မှာ နိုင်ငံပေါင်း ၇၀ က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၁၃၀၀ ကျော်ပါဝင်ပြီး ၁၉၉၇ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆု ရခဲ့ပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ ပြုစုသူ Mr.Yeshua Moser-Paungsuwan ကို ဒီဗွီဘီသတင်းထောက် ဒေါ်ယမင်းဦးက တွေ့ဆုံမေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ဝေဒနာရှင် ဘယ်လောက်များ ရှိနေပြီလဲ ဆိုတာ သိပါရစေ။

“မြေမြှုပ်မိုင်းဝေဒနာရှင် ဘယ်လောက်ရှိနေပြီလဲဆိုတာ အစိုးရ အပါအ၀င် ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။ ကျန်းမာရေးဝန်ထမ်းတွေကတော့ သူတို့ ပြုစုကူညီပေးခဲ့ရတဲ့ လူနာဘယ်လောက် ရှိလဲဆိုတာ ပြောနိုင်မယ်ထင်တယ်။ တနှစ်မှာ ဘယ်ကောက်အထိ ကုသမှုပေးခဲ့ရလဲဆိုတာ သိတယ်။ ဒါပေမဲ့ အဲဒီလို ကုသမှုရခဲ့သူတွေဟာ မိုင်းဝေဒနာရှင်လား၊ ကား မတော်တဆမှုလား၊ တိုက်ပေါ်က ပြုတ်ကျတာလား ဘယ်သူမှ မသိနိုင်ဘူး။ ဒါ့အပြင် သေတဲ့သူတွေ ဘယ်လောက် ရှိခဲ့တယ်ဆိုတာကိုလည်း ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍက မသိနိုင်ဘူး။ မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့ကတော့ ၁၉၉၉  ခုနှစ်ကတည်းက ပြုစုထားတဲ့ စာရင်းအရ မိုင်းဝေဒနာရှင် ၃၄၀၀ ကျော်ရှိတယ်။ ဒါကလည်း ရရှိတဲ့ သတင်းအချက်အလက်တွေပေါ်မှာသာ အခြေခံရတာမို့ မပြည့်စုံပါ။ အဲဒါကို ပြည့်စုံတဲ့ ကိန်းဂဏန်းလို့ ပြောလို့မရပါ။”

မှတ်တမ်းတင်ဖို့ အရမ်းခက်တဲ့ အခြေအနေမျိုးပေါ့နော်။

“ဟုတ်တယ်၊ ဘယ်သူမှ အတိအကျ မသိနိုင်ဘူး။”

ဒီနှစ် မြေမြှုပ်မိုင်း အစီရင်ခံစာမှာ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေကို ဖော်ပြထား တယ်။

“လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ဖြစ်ခဲ့တာတွေပါ။ ဝေဒနာရှင် ပြုစုမှု ကောင်းလာတာရှိတယ်။ ခြေတု ရရှိနိုင်မှု ပိုမိုများပြားလာတယ်။ ပြုစုရေးစခန်းတွေ ရှိလာတယ်။ ခြုံပြောရယင် အသက်မသေတဲ့ မိုင်းဝေဒနာရှင်တွေအတွက် အကူအညီတွေ ပိုကောင်းလာတယ်။ အဲဒါမျိုးဖြစ်ရတာဟာ မသန်စွမ်းသူများ စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးလိုက်တာနဲ့လည်း ဆိုင်တယ်။ ဒါဟာ မသန်စွမ်းတွေရဲ့ လူမှုဖူလုံရေးအတွက် အရေးကြီးတဲ့ စာချုပ်ပါ။ ဒါကြောင့် အသက်မသေတဲ့ မိုင်းဝေဒနာရှင် ပြုစုမှုကတော့ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း တိုးတက်မှုရှိတယ်လို့ ပြောနိုင်တယ်။”

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ပြဿ      နာကြီးကြီးမားမား ရှိနေသေးတဲ့ နေရာတွေက ဘယ်နေရာတွေလဲ။

“အနည်းဆုံး မြို့နယ် ၅၀ မှာ မြေမြှုပ်မိုင်းတွေ ထူထပ်နေဆဲဆိုတာ တွေ့ရတယ်။ မြန်မာနိုင်ငံ တောင်ပိုင်းက ပြည်နယ်နဲ့ တိုင်းတွေမှာဖြစ်တယ်။ ဒါပေမယ့် မိုင်းဘယ်လောက် ထူထပ်နေသလဲ ဆိုတာ အတိအကျ မသိနိုင်ဘူး။ နည်းပညာကျွမ်းကျင်တဲ့ မိုင်းရှင်းအဖွဲ့တွေပဲ သိနိုင်မယ်။ ဘယ်နေရာတွေဟာ အန္တရာယ်များပြီး၊ ဘယ်လောက် ကျယ်ပြန့်လဲဆိုတာ သူတို့ပဲ သိနိုင်မယ်။ အဲဒီနေရာတွေဟာ လက်နက်ကိုင် ပဋိပက္ခ ရှိခဲ့တာမို့ အဲဒါရဲ့ နောက်ဆက်တွဲတွေပါ။”

မြန်မာနိုင်ငံက မြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့ နိုင်ငံတကာက ဘယ်လိုမျိုး အကူအညီတွေ ပေး ခဲ့တာရှိသလဲ။

“၂၀၁၂ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် နိုင်ငံတကာ အဖွဲ့တွေကို အကူအညီ စတောင်းခဲ့ပါတယ်။ ဥရောပနိုင်ငံတွေက ကူညီမယ်လို့ ကမ်း လှမ်ခဲ့တယ်။ ဒါပေမယ့် မိုင်းရှင်းလင်းရေးက အခုထိ မစရသေးဘူး။ အထောက်အပံ့တချို့ ကို တော့ မိုင်းအန္တရာယ်ပညာပေးလုပ်ငန်းမှာ သုံးနေတာ တွေ့ရတယ်။ တချို့ကိုတော့ ဝေဒနာရှင်များကို အကူအညီပေးရာမှာ သုံးတယ်။ မိုင်းရှင်းလင်းရေးကတော့ တကယ်ကို မစတင်ရသေးဘူး။ အာဏာပိုင်တွေက တနို်င်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့ အချိန်အထိ မိုင်းရှင်းလင်းရေး လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောတယ်။”

အစိုးရရော တိုင်းရင်းသားအဖွဲ့တွေပါ မြေမြှုပ်မိုင်း အသုံးပြုတယ်လို့ အစီရင်ခံစာမှာ ဖော်ပြတယ်။ ဘယ်သူက ပိုသုံးတာများသလဲ။

“ဘယ်သူပိုသုံးလဲဆိုတာ အတိအကျ မပြောနိုင်ဘူး။ တိုက်ပွဲသဏ္ဍာန် အပေါ်မူတည်ပြီး ကာလတခုမှာ တဖွဲ့က အခြားအဖွဲ့ထက် ပိုသုံးတာမျိုး ရှိတယ်။ နောက်နှစ်တွေမှာ ကျတော့ အခြားအဖွဲ့က ပိုသုံးတာမျိုး ရှိတယ်။ ဒါကြောင့် ဘယ်အဖွဲ့က ပိုသုံးတယ်လို့ ပုံသေပြောဖို့ ခက်တယ်။ ပြဿ နာက နှစ်ဖက်စလုံး သုံးတယ်။ ဆိုးတာက တိုက်ပွဲတွေက ပြီးသွားပေမယ့် မြေမြှုပ်မိုင်းတွေကတော့ ကျန်နေခဲ့တဲ့ ကိစ္စပါ။ စစ်သားတွေ ဘားတိုက်ပြန်သွားပေးမယ့် မိုင်းတွေက အဲဒီနေရာတွေမှာ ကျန်နေတယ်လေ။ နောက်ဆက်တွဲက အရပ်သားတွေ မိုင်းရဲ့ သားကောင်ဖြစ်ရတဲ့ ကိစ္စပါ။”

မြန်မာနိုင်ငံသာ မြေမြှုပ်မိုင်းတားဆီးရေး သဘောတူစာချုပ် အဖွဲ့ဝင်ဖြစ်လာရင် အကျိုးကျေးဇူးတွေကို ဘယ်သူတွေ ခံစားရမလဲ။

“တိုင်းသူပြည်သားတွေ အကျိုးခံစားရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ မိုင်းရှင်းလင်းရေးကို နောက်မှ လုပ်ရတာ အကုန်အကျသိပ်ကြီးတယ်။ အချိန်လည်း ကုန်တယ်။ အဲဒါမျိုး မိုင်းရှင်းလင်းရေးကို အလှူရှင်တွေက မကူညီချင်ဘူး။ မိုင်းတွေ ထပ်ပြီး ထောင်နေသေးလို့ပါ။ မိုင်းတားဆီးရေးစာချုပ်ကို အစိုးရက လက်မှတ်ရေးထိုးလိုက်ရင် နောက်ထပ် မိုင်းထောင်ခွင့် မရှိတော့ဘူးလေ။ ဒါ့အပြင် ရှိတဲ့ မိုင်းတွေကိုလည်း ဖျက်ဆီးပစ်ဖို့ တာဝန်ရှိတယ်။ အဲဒီအချိန်ကျမှ မိုင်းရှင်းလင်းရေးကို အကူအညီပေးမယ့် အလှူရှင်တွေ လာကြလိမ့်မယ်။”

မြေမြှုပ်မိုင်းကိစ္စ အရင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လုပ်ခဲ့တယ်လို့ သိရတယ်။ အခုရော သူတို့နဲ့ လုပ်နေတုန်းလား။

“မြေမြှုပ်မိုင်းတားဆီးရေး အပြည်ပြည်ဆိုင်ရာ လှုံ့ဆော်မှုအဖွဲ့ဟာ မြေမြှုပ်မိုင်း အသုံးပြုတဲ့ အဖွဲ့အားလုံးနဲ့ တွဲလုပ်ပါတယ်။ မြန်မာအစိုးရရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပါ မြေမြှုပ်မိုင်းသုံးကြတယ်။ သူတို့ကို ကျနော်တို့ ချည်းကပ်တယ်။ မိုင်းသုံးတာဟာ မကောင်းဘူး။ ရပ်တန့်သင့်တယ်လို့ နားချစည်းရုံးတယ်။ နှစ်ဖက်စလုံးကို ဒီလိုပဲပြောတယ်။”

နယ်စပ်ဒေသတွေက ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးနဲ့ မြေမြှုပ်မိုင်းပြဿ      နာ ဆက်စပ်မှု ရှိပါသလား။

“ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးကို အဓိက ဆောင်ရွက်တာက UNHCR ပါ။ သူတို့ ပေါ်လစီက မြေမြှုပ်မိုင်းရှိတဲ့ နေရာတွေကို ဒုက္ခသည်တွေ ပြန်လည်နေရာချမှာ မဟုတ်ဖူးဆို တာပါ။ လူသားချင်းစာနာမှု အရပဲဖြစ်ဖြစ်၊ ဒုက္ခသည်တွေရဲ့ အန္တရာယ်စိုးရိမ်လို့ပဲဖြစ်ဖြစ် သူတို့ လုပ်လို့မရပါ။ ဒါကြောင့် ဒုက္ခသည်တွေကို ပြန်လည်နေရာမချမှီ မိုင်းရှင်းလင်းရေးကိစ္စဟာ အမြင့်ဆုံး ဦးစားပေးလပ်ရတဲ့ ကိစ္စပါ။”

နောက်ဆုံးမေးခွန်းပါ။ မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ ရေရှည်မှာ မြေမြှုပ်မိုင်း ပြဿ     နာဖြေရှင်းရေးကို အထောက်အကူပြုနိုင်မယ်ထင်သလား။

“တကယ်ဖြစ်မလားဆိုတာတော့ ကျနော်လည်း အတိအကျ မပြောနိုင်ပါ။ ဒါပေမယ့် အဲဒါမျိုး ဖြစ်ဖို့တော့ ကျနော် မျှော်လင့်ပါတယ်။ အနာဂတ်မှာ တက်လာမယ့် အစိုးရဟာ မြေမြှုပ်မိုင်း တားဆီးရေးစာချုပ်ကို လက်မှတ်ရေးထိုးဖို့ လူသားချင်း စာနာမှုအရ စဉ်းစားသင့်တယ်။ ဒါမှ မိုင်းတွေ ရှင်းနိုင်ပြီး ပြည်သူလူထု အကျူိုးရှိလာမှာပါ။”

ဘာတွေများ ထပ်ဖြည့်ချင်ပါသေးလဲ။

“ဒီကိစ္စဟာ အစိုးရရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တစ်ဦးချင်းစီ လုပ်မယ်ဆို လုပ်လို့ရတဲ့ ကိစ္စပါ။ တခြားဖက်က လုပ်တာကို စောင့်နေစရာ မလိုပါ။ အစိုးရအနေနဲ့ မိုင်းတားဆီးရေးစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ သုံးနေလင့်ကစား လုပ်နိုင်ပါတယ်။ ဒါဟာ အစိုးရ ဒီကနေ့ ရနိုင်တဲ့ အခွင့်အလမ်းကြီးပါ။ သူတို့ရဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုဖြစ်စဉ်ကို အထောက်အကူပြုပါလိမ့်မယ်။ ဒီနည်းနဲ့ တိုင်းရင်းသား အဖွဲ့တွေကို အရင်လုပ်ပြပါ။ လူထုခံစားနေရတာကို ရပ်တန့်စေတော့မယ်ဆိုတာကို ပြသပါ။ ဒါဟာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် ကောင်းတဲ့လုပ်ရပ်ပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013