DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကို တွေ့ဆုံသည့် ထိုင်းအစိုးရနှင့်ဝန်ကြီးချုပ်ကို ဝါရှင်တန်ဒီစီ ထိုင်းသံရုံးရှေ့ ဆန္ဒပြ
သုတချမ်းသာ
·
August 16, 2026
စစ်အာဏာရှင်ကို တွေ့ဆုံသည့် ထိုင်းအစိုးရနှင့်ဝန်ကြီးချုပ်ကို ဝါရှင်တန်ဒီစီ ထိုင်းသံရုံးရှေ့ ဆန္ဒပြ
1 / 12
Photo : သုတချမ်းသာ
Donate to DVB

စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဒေသစံတော်ချိန် ဩဂုတ် ၁၅ ရက်နေ့မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ ထိုင်းသံရုံးရှေ့မှာ မြန်မာ့အရေးဆောင်ရွက်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

စစ်ခေါင်းဆောင်ကို တွေ့ဆုံခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့လုပ်ရပ်ဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်နေပြီး အဖွဲ့ဝင်နိုင်ငံတွေကို မလေးစားတဲ့သဘော သက်ရောက်တယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက ဝေဖန်ပါတယ်။ 

စစ်ခေါင်းဆောင်ကို ထိတွေ့ဆက်ဆံခဲ့တဲ့အတွက် ကမ္ဘာတဝှမ်းက ထိုင်းသံရုံးတွေရှေ့မှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖော်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

Save Myanmar-USA က ကိုရင်အေး က “အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အတိုင်း လိုက်နာဖို့ မကြိုးစားဘဲနဲ့ မင်းအောင်လှိုင်ကို အသိအမှတ်ပြုဖို့လုပ်တဲ့ကိစ္စမှန်သမျှကို ကျနော်တို့ လုံးဝဆန့်ကျင်တယ်။ အဲဒီအတွက် တကမ္ဘာလုံးမှာရှိတဲ့ မြန်မာပြည်သူတွေအကုန်လုံး အစုအဖွဲ့တွေအကုန်လုံး ထိုင်းနိုင်ငံသံရုံးတွေမှာ ဆက်ပြီးတော့ အရှိန်အဟုန်မြှင့်ပြီး ဖိအားပေးကြမယ် ဆိုတာကို ဒီနေ့ လာအသိပေးတာဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ကို ထိတွေ့ဆက်ဆံခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်အနုတင်ဟာ ပြည်တွင်းနိုင်ငံရေးမှာ ဖိအားများနေသူဖြစ်ပြီး လာမဲ့ ဩဂုတ် ၂၅ ရက်နေ့မှာ ကျင်းပမဲ့ ထိုင်းလွှတ်တော်အစည်းအဝေးမှာ အနုတင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ အယုံအကြည်မရှိအဆိုကို ရင်ဆိုင်ရဖို့ရှိနေတာပါ။ 

မြန်မာ့အရေး ဆောင်ရွက်သူတယောက်ဖြစ်တဲ့ ကိုရင်ထွေးက “အတုအယောင်သမ္မတ မင်းအောင်လှိုင်က ရွာတွေကို မီးရှို့၊ ဗုံးတွေကြဲ၊ ဒီလောက် ရေဘေးတွေ အကြီးအကျယ် ဒုက္ခရောက်နေတဲ့အချိန်မှာ ဗုံးကြဲတယ်။ အဲဒါကို ကျနော်တို့လာရောက်ပြီးတော့ သူနဲ့ဆက်ဆံတဲ့ ထိုင်းအစိုးရကို တောင်းဆိုတာပါ။ ထိုင်းဝန်ကြီးချုပ်ကို ပြောချင်တာကတော့ မြန်မာပြည်သူတွေရဲ့ အခြေအနေကို သေသေချာချာ လေ့လာစုံစမ်းပြီးတော့ မင်းအောင်လှိုင်နဲ့ ပေါင်းသင့် မပေါင်းသင့် ဆုံးဖြတ်ပေးပါ။ အမှန်တကယ် တကမ္ဘာလုံးက ရှုတ်ချကန့်ကွက်နေတဲ့ မင်းအောင်လှိုင်ကို အသိအမှတ်ပြုတာဟာ စစ်အာဏာရှင်ကို အသက်သွင်းတာဖြစ်တာမို့လို့ သူ့ကို အသိအမှတ်မပြုဖို့ လာရောက်တောင်းဆိုတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်သမ္မတ ထိုင်းနိုင်ငံကို ရောက်နေချိန် ဩဂုတ် ၆ ရက်နေ့မှာ ထိုင်းနိုင်ငံရောက် မြန်မာတွေက စစ်အာဏာရှင်ကိုလက်မခံကြောင်း ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြခဲ့ကြသလို ထိုင်းအစိုးရရဲ့လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ကြောင်း ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၁၆ ခုကလည်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဆန္ဒပြပွဲမှာ ပါဝင်သူတယောက်က “ထိုင်းအစိုးရအနေနဲ့ ဖိတ်ခေါ်ပြီး ဒီလိုမျိုး လူရာသွင်းနေတဲ့ဟာတွေကို ညီမတို့အနေနဲ့ ဘယ်လိုမှ မထောက်ခံနိုင်ပါဘူး။ ဒီလောက် ရက်စက်တဲ့ လူယုတ်မာ မင်းအောင်လှိုင်ကိုလည်း သူတို့က ထောက်ခံတဲ့အတွက် ညီမတို့ မြန်မာပြည်သူတွေအနေနဲ့ အရမ်းကို စိတ်မကောင်းဖြစ်ရသလို ဝမ်းနည်းရပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒီမှာလာပြီးတော့ ဆန္ဒထုတ်ဖော်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ဩဂုတ် ၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံတမန်က တွေ့ဆုံခွင့် ရနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

အာဆီယံက မြန်မာနိုင်ငံကို ကုန်သွယ်၊ စီးပွားရေးလုပ်ငန်းတွေအတွက် အဖွဲ့အစည်းအတွင်း ပြန်လည်အသိအမှတ်ပြုဖို့ စဉ်းစားချက်တွေ​ရှိနေပေမဲ့ ပြည်တွင်းပြဿနာတွေ တည်ငြိမ်ရေးက အဓိကစိန်ခေါ်မှု ဖြစ်နေတာပါ။ 

ကောင်းမွန်တဲ့ အခြေအနေကို ပြန်ရောက်နိုင်ရေးဟာ အာဆီယံက အစဉ်တစိုက် တိုက်တွန်းခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လေးစားလိုက်နာဖို့ဖြစ်ပြီး သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးက ဘယ်လိုရွေးချယ်တယ် ဆိုတဲ့အပေါ် မူတည်ပြီး အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေက စဉ်းစားရတဲ့ အခြေအနေသာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောဆိုထားပါတယ်။ 

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံတခုတည်းက မူဝါဒရေးရာ ပြဋ္ဌာန်းဖို့ မဖြစ်နိုင်ဘဲ အာဆီယံနိုင်ငံအားလုံးရဲ့ သဘောတူညီချက်ကသာ ဆုံးဖြတ်ချက် ဖြစ်လာနိုင်တယ်လို့လည်း ဝေဖန်မှုတွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ပြောဆိုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013