DVB Logo
Home
မြန်မာသတင်း
ဒုတိယအကြိမ် သမ္မတနှင့် နိုင်ငံရေးအင်အားစုများ ဆွေးနွေး
DVB
·
January 12, 2015
ဒုတိယအကြိမ် သမ္မတနှင့် နိုင်ငံရေးအင်အားစုများ ဆွေးနွေး
1 / 14
Donate to DVB

[gallery ids="76854,76855,76856,76857,76858,76859,76860,76861,76862,76863,76864,76865,76866,76867"]

သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်အကြီးအကဲ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတွေအပါအ၀င် နိုင်ငံရေးအစုအဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း ၄၈ ဦးတို့ရဲ့ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ဒီကနေ့ညနေပိုင်းမှာ ကျင်းပပြီးစီး သွားပါတယ်။

ဒီဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခဲ့သူတချို့ရဲ့ ပြောကြားချက်တွေကို စုစည်းတင်ဆက်ပေး လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အခုလိုမျိုး ဆွေးနွေးပွဲတွေပြုလုပ်နေတာဟာ ၆ပွင့်ဆိုင်ကို ရှောင်ဖို့တော့ မဖြစ်သင့်ဘူးလို့ သမ္မတ ဦးသိန်းစိန်ကို ပြောခဲ့ပေမယ့် ဦးသိန်းစိန်ဘက်ကနေ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အကြောင်းအရာ အားလုံးနဲ့ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ပြောဆိုခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဒေါက်တာ တူးဂျာ (ကချင်ပြည်နယ် ဒီမိုကရေစီပါတီခေါင်းဆောင်)
အဓိကကတော့ ဒီကျနော်တို့ နိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ဒီမိုကရေစီ တည်ဆောက်ရေးတွေကို စတင်နေပြီ၊ ဒါကြောင့်မို့ နိုင်ငံတကာကလည်းဘဲ အသိအမှတ်ပြုမှု အထိုက်အလျောက် ရှိကောင်း ရှိနေပါတယ်။ ဒါပေမယ့် ပြည်သူလူထု လိုလားသလောက် မြန်မြန်ဆန်ဆန် ဖြစ်ထွန်းမှုတွေ မတွေ့ခဲ့ရဘူး။ အဲလို ဖြစ်ရတာ ဘာကြောင့်လဲဆိုတော့ အစိုးရက စိန်ခေါ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်ရတာက တကြောင်း ပြုပြင်ပြောင်းလဲမှုကို ထောက်ခံအားပေးမှု မရှိတဲ့ လူတစုရဲ့ နည်းမျိုးစုံနဲ့ နှောင့်ယှက် ဟန့်တားမှု ဖြစ်မယ်လို့ ယူဆတယ်၊ အဲဒါတချက်ပေါ့။ နောက်တချက် ကျနော်တို့နိုင်ငံမှာ ပြည်သူအများ အလိုလားဆုံးဟာ ငြိမ်းချမ်းရေး ဖြစ်တယ်။ နိုင်ငံတော်အနေနဲ့ အလိုအပ်ဆုံးဟာလည်း ငြိမ်းချမ်းရေး ဖြစ်တယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအနေနဲ့ကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို အမှန်တကယ် ကျင်းပပေးမယ်လို့ ပြောသွားတာရှိတော့ ကျနော့်အနေနဲ့လည်း ၀မ်းသာအားရ ဖြစ်မိပါတယ်လို့ ပြောခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် တိုက်ပွဲရှိနေသရွေ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ယုံကြည်မှုကို လျော့ချပေးတဲ့ ဖြစ်ရပ်တခုဖြစ်နေတယ်ပေါ့။
ကျနော့်အမြင်ပြောရမယ်ဆိုရင် ပထမဆုံး တိုက်ပွဲလုံးဝမရှိအောင် ရပ်စဲထားရမယ်။ ပြီးရင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ လက်မှတ်ရေးထိုးထားက အကောင်းဆုံးဖြစ်မယ်လို့ မြင်တယ်လို့ ပြောပြခဲ့ပါတယ်။

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်)
နိုင်ငံရေး ဆွေးနွေးပွဲတွေကို အမြန်ဆုံးပြန်လည် ကျင်းပပေးဖို့ ဒီမြန်မာနှစ်သစ်ကူး မတိုင်ခင်မှာ ပြည်သူတွေကို နိုင်ငံရေးဆွေးနွေးပွဲလက်ဆောင်ပေးဖို့ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေ စမှာ ဖြစ်မယ်၊ ငြိမ်းချမ်းရေးဟာတိုင်းပြည်အတွက် အဓိက လိုအပ်ချက်ဖြစ်တယ်ဆိုတာကို ပြောပြီးတော့ အဲဒါတွေကို ကြေညာချက် ထုတ်ပေးပါလို့လည်း မှာခဲ့တယ်၊ ၄၈ ယောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲ ပြန်စဖို့ ပြောတာက ၄၂ ယောက်လောက် ပြောကြတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောတယ်။ တပ်ချုပ်လည်း ပြောတယ်၊ သမ္မတလည်း ပြောတယ်၊ တပ်ချုပ်လည်း ပြောတယ်။ တိုင်းရင်းသား လူမျိုးခေါင်းဆောင်တွေလည်း ပြောတယ်၊ ပြောတော့ ပြောတာပေါ့ကွာ ကြေညာချက်မှာက အဲဒါမပါဘူးလေ၊ ဒီဆွေးနွေးပွဲက အပြန်အလှန်ဆွေးနွေးပွဲ မဟုတ်သော်လည်းဘဲ ပြီးတဲ့အခါမှာ သမ္မတရယ်၊ ဦးရွှေမန်းတို့ ဥက္ကဋ္ဌ ၂ ယောက်ရယ်၊ တပ်ချုပ်ရယ် ကော်မတီ ဥက္ကဋ္ဌတွေက လိုအပ်တာတွေကို ပြန်လည် ဖြေကြားတယ်။ သူတို့ မေးတဲ့ဟာတွေ ပြန်ဖြေကြားတယ်။ ထူးခြားချက်တခုကတော့ နိုင်ငံရေး ဆွေးနွေးပွဲမှာ Third Party ပေါ့ဖွဲ့ဖို့လိုအပ်ရင်လည်း ဖွဲ့မယ်ပေါ့၊ သမ္မတက အဲလို ပြောတယ်၊ ဒါပါဘဲ။

စိုင်းအိုက်ပေါင်း (ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ)
ဒီနေ့မှာ ပါတီခေါင်းဆောင်တွေရော တိုင်းရင်းသားရေးရာဝန်ကြီးတွေရော အားလုံး ၄၈ ဦး တက်တယ်။ ဒီတခါတော့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိတာပေါ့။ သမ္မတကြီးက ဆွေးနွေးဖို့ အချက် ၃ ချက်ပေးထားတယ်။ အဲဒီအပေါ်မှာ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြပါတယ်။ ကောင်းပါတယ်။ အလားအလာက အဓိက ငြိမ်းချမ်းရေးရယ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေခိုင်မာဖို့အတွက်လေ အားလုံးကလည်း ဖြစ်စေချင်တယ်။ ပြည်ထောင်စုနေ့မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ သမ္မတကြီးရော တပ်ချုပ်ကိုရော အကုန်လုံး တိုက်တွန်းကြတယ်။ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ သွားဖို့ပေါ့။ နောက်ပြီးတော့ ၂၀၁၅ မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့။ အဲဒါလည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကလည်း ကတိပေးထားပါတယ်။ သူတို့ဆီလည်း လာလေ့လာပါ။ ပါတီတွေလည်း အကြံပေးပါပေါ့။ အရမ်းကောင်းပါတယ်။ အရင်ထက်စာ ပွင့်လင်းပါတယ်။ ကျနော်တို့အဓိက ဆွေးနွေးတာက အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ဖို့ ပေါ့နော်။ သမ္မတကြီး ကြေညာတဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စုနေ့လည်း ဖြစ်တယ်၊ ၁၆ ဖွဲ့လုံးပါတဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ သမ္မတကြီးကိုလည်း တပ်ချုပ်ကိုလည်း တိုက်တွန်းတယ်။ ပြီးတော့ နိုင်ငံရေးမူဘောင်ကိုလည်း ကျနော်တို့က ဆွဲထားပြီးသားလေ။ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ သွားနိုင်အောင်။ အားလုံးက ပြည်ထောင်စုကြီးကို ငြိမ်းချမ်းစေချင်တယ်။

ဦးခွန်ထွန်းဦး (ယူအဲန်အေခေါင်းဆောင်)

ခါတိုင်းလိုပါဘဲ။ လက်ရှိ နိုင်ငံရေးအခြေအနေရယ်၊ ရွေးကောက်ပွဲရယ်၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးဘဲလေ၊ ဒါနဲ့ဘဲ ထပ်နေတယ်။ တက်တဲ့လူက ၄၈ ယောက်ရှိတယ်ပြောတာဘဲ၊ လူကများပြီးတော့ ဆွေးနွေးတဲ့ခေါင်းစဉ်အကြောင်း အရာက ၃ ခုဘဲဆိုတော့ ထပ်နေတာပေါ့။ ကျနော်လည်း ၅ မိနစ်လောက်ဘဲ ပြောပါတယ်။  ဒီဟာတွေကို ၀ိုင်းဝန်းလုပ်ကြပါ၊ ဘာညာ ပြောရတာပေါ့၊ မပြောချင်လည်း ပြောရတာဘဲ။ ဒါက ၀ိုင်းဝန်းလုပ်ကြပါပေါ့။ ဒီဘာသာရပ်ကို လူ ၅၀ လောက်က ၀ိုင်းဆွေးနွေးတာလေ။ ဘာထူးမှာလဲတဲ့၊ အရင်အတိုင်းဘဲပေါ့ဗျာ။

ဦးဇော်အေးမောင်  (ရခိုင်တိုင်းသားရေးရာဝန်ကြီး)

ကျနော့်အနေနဲ့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အပစ်ခတ်ရပ်ရေးကို ဦးစားမပေးဘဲ နိုင်ငံရေးဆွေးနွေးပွဲကိုသာ ဦးစားပေးဖို့၊ ၁ လ ၂ လအတွင်း ဆွေးနွေးပွဲ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ အကြံပြုတင်ပြခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်ရင် အပစ်အခတ်ရပ်ကိစ္စက လိုက်ပြီးပြေလည်လာမယ်လို့ ကျနော်ယုံကြည်ကြောင်း ပြောခဲ့ပါ တယ်။ ငြိမ်းချမ်းရေးဆိုတာမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်သလို ကျနော်တို့ ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေလည်း ချုပ်ငြိမ်းဖို့လိုတယ်လို့ ကျနော်ပြောပါတယ်။ အခုလို တွေ့ဆုံဆွေးနွေးပွဲတွေ မကြာမကြာလုပ်ဖို့ တက်ရောက်သူတွေ အကြံပြုကြတယ်။ နောက်တကြိမ် ဆွေးနွေးပွဲတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ခေါင်းဆောင်တွေပါ ပါဝင်လာဖို့ တိုက်တွန်းကြတယ်။ ပိုမိုကျယ်ပြန့်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်လာဖို့ သဘောတူခဲ့ကြပါတယ်။ သမ္မတကြီးကလည်း သဘောတူခဲ့ပါတယ်။

ဦးစောထွန်းအောင်မြင့် (ကရင်ပြည်သူ့ပါတီ)

“အန်ကယ့်အနေနဲ့ကတော့၁ ကတော့ ရွေးကောက်ပွဲနီးနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ အမြန်ဆုံး ဆွေးနွေးပြင်ဆင်ဖို့အတွက်ကို အကြံပြုတယ်။ ၂ ကတော့  ရွေးကောက်ပွဲနီးနေတဲ့အတွက် အပစ်ခတ်ရပ်စဲရေးအတွက်ကို အနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး အမြန်ဆုံးလုပ်ဖို့ပေါ့နော်။ သမ္မတကြီးကနေပြီးဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဆန္ဒပြုထားတာပေါ့နော်။ အဲဒါ အမြန်ဆုံးဖြစ်အောင် ထောက်ခံအကြံပြုလိုက်တယ်။ ၃က တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ တိုင်းအလိုက်ပေါ့နော် မြို့နယ်တွေကနေ လူထုတွေက ရွေးတင်ထားတာဖြစ်တာကိုး။ အဲဒီအတွက်ကြေင့်မို့လို့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သူတို့ကို ထဲထဲဝင်ဝင်ပါဝင်ဖို့ အကြံပြုတယ်။ ၄ ကတော့ အစိုးရပြုပြင်ပြောင်းလဲရေး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲရေး ကဏ္ဍတွေမှာ ပိုပြီးတော့ ထိရောက်အောင် ပါတီတွေက ခေါင်းဆောင်တွေကို ထည့်သွင်းဖို့ အကြံပြုတယ်။ ၅ ကတော့ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် တိုင်းရင်းသားရေးရာဝန်ကြီးတွေရယ်၊ ပါတီက ခေါင်းဆောင်တွေရယ် တတ်နိုင်တဲ့ အတိုင်းအတာအထိ ၀ိုင်းကူလုပ်ဆောင်ရေး ထည့်သွင်းပေးဖို့။  ဒါဆိုရင် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ပိုရမယ်ပေါ့နော်။ နောက်တခုကတော့ ဘာသာရေးနဲ့ပတ်သက်လို့ ကိုယ်တို့ တိုင်းပြည်က တခြား တိုင်းပြည်တွေထက် ထိလွယ်ရှလွယ်တယ်လေ။  ဆိုတော့ ပူးပေါင်းလုပ်ဆောင်တဲ့ လုပ်ငန်းတွေရှိတယ်လေ။ ကိုယ်တို့ ဘာသာပေါင်းစုံအတူတကွ ပူးတွဲနေထိုင်ရေးလေ။ အဲဒီအဖွဲ့တွေကို ကိုယ်တို့ကနေပြီးတော့ ဟိုအောက်ခြေအဆင့်အထိ တိုင်း၊ ခရိုင်၊ မြို့နယ် ရပ်ကြေးပေါ့နော် အဲဒါကို တိုင်းရင်းသားရေးရာဝန်ကြီးတွေရယ်၊ ပါတီက လူကြီးတွေရယ်၊ ဒီအဖွဲ့အတွင်းမှာထည့်သွင်းပြီးဆောင်ရွက်ရင် ပိုပြီးတော့ တိုင်းပြည်ဟာ စည်းလုံးညီညွတ် မယ်ပေါ့။ အဲဒီ ၆ ချက်ကို ပြောလိုက်ပါတယ်။”

ဦးဇိုဇမ်း (ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ)

“ကျနော့်အနေနဲ့ကတော့ ၆ ပွင့်ဆိုင်တို့ ၁၂ ပွင့်ဆိုင်တို့ ၁၅ ပွင့်ဆိုင်တို့ထက် စာလို့ရှိရင် ဒီလို အပွင့်ပေါင်းများစွာဆိုင်ပြီးမှ ဒီလို ပန်းခြံထဲမှာ ရောင်စုံပန်းတွေပွင့်တာက ပိုပြီးတော့ အဓိပါယ်ရှိတယ်လို့ ကျနော်ယုံကြည်ပါတယ်။ နောက်တခုက ကျနော် ဒီတွေ့ဆုံဆွေးနွေးပွဲ အပေါ်မှာ ကျနော် သဘောကျတာတခု ပြောချင်တယ်။ အဲဒါဘာလဲဆိုတော့ အရင်တုန်းက ၄ ပွင့်ဆိုင်တို့ ၅ ပွင့်ဆိုင်တို့ ၆ ပွင့်ဆိုင်တို့တုန်းက သူက လူအပေါ်မှာ မူတည်ပြီးမှ အပွင့်တွေ ကိုယ့်ဟာကိုယ် လျှောက်တပ်ကြတာ။ အဲဒီဟာက ကျနော်က သဘောကို မတူတာ။ အရေးကြီးတဲ့ တိုင်းရေးပြည်ရေးကိစ္စမှာ ၆ ပွင့်လောက် ၅ ပွင့်လောက်နဲ့ ဖြေရှင်းလို့ မရနိုင်ဘူး။ ဒီနေ့ဟာက ၆ ပွင့်ဆိုင်ကို အစားထိုးတာဆိုရင်လည်း ကျနော်ပိုပြီးတော့ ကြိုက်ပါတယ်။ ၅ ပွင့်ဆိုင် အစားထိုးဆိုရင်လည်း ပိုတောင်ကြိုက်သေးတယ်။ အရေးကြီးတာက ပါဝင်သင့် ပါဝင်ထိုက်တဲ့ လူတွေအားလုံး ပါရမယ်။ မပါဝင်ချင်သေးတဲ့လူတွေလည်း ဖိတ်ခေါ်ရမယ်။ တိုင်းရေးပြည်ရေးအတွက် ၅ ပွင့်လောက် ၆ ပွင့်လောက်နဲ့ ဘယ်လိုမှ ရှင်းလို့ မရပါဘူး။ ကိုယ်စားပြုမှုမှာ ဒီဟာတွေက အင်မတန်နည်းပါတယ်။”

ဦးနိုထန်ကပ် (ချင်းတိုင်းရင်းသားရေးရာဝန်ကြီး)

“ကျနော့်အမြင်မှာတော့ ဒီတွေ့ဆုံပွဲဟာ တကယ်ကို အနှစ်သာရရှိတယ်။ အောင်မြင်မှုလည်း ရှိတယ်လို့ ကျနော်သုံးသပ်တယ်။ အထူးသဖြင့် တိုင်းရင်းသားပြည်သူတွေကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေပါတယ်။ တိုင်းရင်းသားရေးရာ ၀န်ကြီးများဆိုသည်မှာ ကိုယ်စားပြုရှုထောင့်နဲ့ပြောမယ်ဆိုရင် တိုင်းဒေသကြီးတခုလုံးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်များ ဖြစ်ကြပါတယ်။ ကျနော်တို့ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် သို့မဟုတ် ၀န်ကြီးများသည် ပြည်နယ်တစ်ခုလုံး တိုင်းဒေသကြီးတခုလုံးမှာရှိတဲ့ သက်ဆိုင်ရာ တိုင်းရင်းသားများကို ကိုယ်စားပြုတဲ့အတွက် ကိုယ်စားပြုမှုဟာ တိုင်းရင်းသားကို တကယ့်တကယ် ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေလို့ ကျနော်ပြောလို့ရတယ်လေ။ သူတို့နဲ့ ကျနော်တို့နဲ့ စကားပြောတဲ့အခါ ရှင်းရှင်းပြောရရင် မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုပြီး စကားပြောတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ဆိုတော့ ဒါက အနှစ်သာရ အရှိဆုံးပေါ့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013