
ဆူဒန်နိုင်ငံမှာ ဆေးရုံတရုံကို ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေဟာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ဆေးဝန်ထမ်းတွေ အပါအဝင် စုစုပေါင်း အယောက် ၇၀ အထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂအရာရှိတွေက မတ် ၂၄ ရက်မှာ ပြောပါတယ်။
အရှေ့ဒါဖာပြည်နယ်က အယ်လ်ဒီးယန်း သင်ကြားရေးဆေးရုံကို မတ် ၂၀ ရက်က တိုက်ခိုက်ခံခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ ပြောခဲ့ပါတယ်။
လူ ၂ သန်းကျော်အတွက် လွှဲပြောင်းဆေးရုံအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဆေးရုံဟာ တိုက်ခိုက်မှုကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့ရတယ်လို့ WHO က ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအပြီးမှာ အပျက်အစီးတွေထဲက အလောင်း ၆ လောင်းကို ထပ်ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆူဒန်နိုင်ငံဆိုင်ရာ WHO ဒုတိယကိုယ်စားလှယ် ဟာလာ ခူဒါရီက ဂျီနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သေဆုံးသူဦးရေ စုစုပေါင်း အယောက် ၇၀ နဲ့ ဒဏ်ရာရသူဦးရေ ၁၄၆ ယောက်အထိ မြင့်တက်လာတယ်လို့ ခူဒါရီက ဆက်ပြောပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလမှာ စခဲ့တဲ့ ဆူဒန် ပြည်တွင်းစစ်မှာ ဆူဒန်စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ အမြန်ထောက်ပံ့ရေးတပ် RSF က ထိန်းချုပ်ထားတဲ့ ဧရိယာတခုမှာ လေကြောင်း တိုက်ခိုက်မှုအတွင်း ဒရုန်းတွေ သုံးထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အပြစ်တင်ဖို့ လုံလောက်တဲ့ အထောက်အထား မရှိဘူးလို့ ပြောခဲ့တာပါ။ ဒါပေမဲ့ စစ်ပွဲမှာ နှစ်ဖက်စလုံးက စစ်ရာဇဝတ်မှုတွေ ဖြစ်စေနိုင်တဲ့ လုပ်ရပ်တွေထဲမှာ အရပ်ဘက်နေရာတွေကို တိုက်ခိုက်ရာမှာ ဒရုန်းတွေကို သုံးခဲ့တယ်လို့တော့ ပြောပါတယ်။
ဒရုန်းတွေကို ပဋိပက္ခတွေမှာ ပိုသုံးလာနေပြီး အခုနှစ်အစပိုင်းကစပြီး အရပ်သား ၅၀၀ ကျော်ဟာ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ပြီး အများစုက ကော်ဒိုဖန် ဒေသထဲမှာ သေဆုံးခဲ့တာလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။
Source: Reuters










