DVB Logo
Home
မြန်မာသတင်း
စစ်ကြောင်း ရှေ့တိုးနိုင်ရန် ရွာနှင့်လယ်ယာလုပ်ငန်းခွင်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်
DVB
·
August 25, 2026
စစ်ကြောင်း ရှေ့တိုးနိုင်ရန် ရွာနှင့်လယ်ယာလုပ်ငန်းခွင်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်
Donate to DVB

ဖာပွန်မြို့ကို ၃ လကျော်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေ ကမမောင်းမြို့နဲ့ ဖားလုံးကျေးရွာကြား ရောက်ရှိနေပြီး ရှေ့ဆက် စစ်ကြောင်းထိုးနိုင်ဖို့ ကျေးရွာတွေနဲ့ လယ်ယာ လုပ်ငန်းခွင်တွေအတွင်းကို  လက်နက်ကြီး အလုံး ၇၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။ 

စစ်အာဏာရှင်တပ်က မေ ၅ ရက်နေ့ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာမကျရေးနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့ ဖာပွန်ကားလမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာပါ။ 

စစ်တပ်စစ်ကြောင်းတွေ ၃ လကျော်ကြာမြင့်လာတဲ့အထိ ဖာပွန်မြို့ကို မရောက်ရှိသေးဘဲ မိုင် ၂၀ လောက်သာ လိုတော့တဲ့ ဖားလုံးကျေးရွာကို ဩဂုတ် ၃ ရက်ကရောက်ရှိပြီး ရှေ့ဆက်မတိုးနိုင်ဘဲ   ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံနေရပါတယ်။ 

ဒါကြောင့် စစ်တပ်က ရှေ့ဆက်စစ်ကြောင်းထိုးနိုင်ဖို့ ဘော်စဲခို၊ ဝါ့ကလေ့တူ၊ ဖားကေလိုး တပ်စခန်းတွေကနေ လူသောမြို့နယ်၊ စောမူပလောကျေးရွာအုပ်စုတွင်းက ကျေးရွာတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွေအတွင်းကို  လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။  

မူတြော်ခရိုင် တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင် က “အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ချတာ ၈၁ တွေ၊ ၁၂၀ မမတွေ ပစ်ချတာ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၄ ရက်အတွင်း စာရင်းအရ အလုံး ၇၂ လုံး ပစ်ချတာ။ အဲဒီပစ်ချလိုက်တဲ့ လက်နက်ကြီးတွေက ဘယ်မှာသွားကျလဲဆိုရင် ပြည်သူလူထုတွေရဲ့ မိုးတွင်းဆိုလို့ရှိရင် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းတွေအတွက် တောင်ယာတို့ လယ်တို့ လုပ်စားတဲ့တဝိုက်မှာ ကျတယ်။ အခုက သူတို့ အလုပ်လုပ်နေရတဲ့အချိန် တနှစ်လုပ်မှ နောက်နှစ်စားရမဲ့ အလုပ်မျိုး။ အခုက ဒုက္ခပေးတာ။ လက်နက်ကြီးတွေ ပစ်တာက တိုက်ပွဲနဲ့လည်း မဆိုင်ဘူး၊ စစ်ရေးနဲ့လည်း မဆိုင်ဘူး။ တကယ် ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ကို ပစ်တာ။ ရည်ရွယ်ပြီးတော့မှ သက်သက်ပစ်တာ။ ပြည်သူလူထုကို ရန်သူလို့ သဘောထားပြီးတော့ ပစ်ချတယ်။ ဒါက အသစ်အဆန်းတော့ မဟုတ်ပေမဲ့ ဆက်တိုက်ဖြစ်နေတဲ့အခါကျတော့ တော်တော်ဆိုးဝါးတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က ကမမောင်း-ဖာပွန်ကားလမ်းပေါ်က ဖားလုံးကြီးနဲ့ ဖားလုံးလေးကြား စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၉ ယောက်ဒဏ်ရာရပြီး လက်နက် ၃ လက်ရရှိခဲ့ပါတယ်။

ဒေသခံတယောက်က “အခုချိန်က တောင်ယာလုပ်တာ များတယ်။ လယ်ကတော့ ရှိတာပေါ့၊ နည်းတယ်၊ တောင်ယာက ပိုများတယ်။ အခုက တောင်ယာတွေ မြက်ခုတ်တာတွေ ရှိဦးမယ်၊ မြက်ခုတ်ရတာပေါ့၊ တောင်ယာရဲ့ သဘောတရားက။ လက်နက်ကြီးပစ်တော့ ဒေသခံတွေက ကြောက်တာပေါ့။ ဒေသခံတွေက အကုန်လုံး ကြောက်ရတာပဲ။ ဒေသခံက မြေစာပင်ပဲလေ။ မြေစာပင်ဆိုတာ သေချာတယ်။ ကျန်တာတော့ သေချာမသိဘူး။ ကျွဲ ၂ ကောင် ဝှေ့တဲ့ကြားမှာ မြေစာပင်ပဲ။ ဒေသခံပြည်သူတွေက အဲဒီလိုမျိုးပေါ့။ စစ်ဖြစ်တော့ ကမမောင်းတို့၊ မြိုင်ကြီးငူတို့ တအုပ်ကြီး ဆင်းလာကျတယ်။ တချို့ကျတော့လည်း  ဒီဘက်မဆင်းတဲ့အဖွဲ့တွေလည်း ရှိတယ်လေ။ အမျိုးမရှိတဲ့အဖွဲ့တွေက မဆင်းကြဘူး” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးတာ၊ လေ‌ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဖာပွန်၊ ကတိုင်တိ၊ ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော်၊ ဝါးသိုခို စတဲ့ ဖာပွန်ကားလမ်းမကြီး အနီးအနား ကျေးရွာက ဒေသခံပြည်သူ ၂ သောင်းကျော်ဟာ မြိုင်ကြီးငူ၊ ကမမောင်း၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013