ဂျာမနီ၊ ဟမ်းဘတ်ဂ်မြို့က ဂျန်ဇီဆန္ဒပြပွဲ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံး

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်ဂ်မြို့မှာ နိုဝင်ဘာ ၂၀ ရက်ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ Gen Z တွေ ဦးဆောင် တဲ့ ဆန္ဒပြပွဲအတွင်း လူပေါင်း ၄,၀၀၀ လောက် ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Gen Z ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့ပေမဲ့ အများစုကတော့ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားခဲ့ပါတယ်။
အစောပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ မီးရှူးမီးပန်းတွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့အတူ ဂျာမန်ဝန်ကြီးချုပ် မာ့ဇ်ရာထူးက ဆင်းပေးဖို့၊ မဖြစ်မနေ စစ်မှုထမ်းစနစ် မလုပ်ဖို့နဲ့ နိုင်ငံရေးသမား တွေအနေနဲ့ လူငယ်တွေရဲ့ လိုအပ်ချက်တွေကို နားထောင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲ စင်မြင့်ပေါ်ကနေ ဆန္ဒပြသူတယောက်ကလည်း သူတို့ရဲ့ အသံတွေကို ကြားအောင် လုပ်သွားမှာဖြစ်ပြီး အစိုးရဘက်က နားမထောင်မချင်း လမ်းပေါ် ဆက်ထွက်နေမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဆန္ဒပြပွဲ တရားဝင် ပြီးဆုံးသွားချိန်မှာ လမ်းကြောင်း ပြန်ဖွင့်ပေးဖို့ ရဲတပ်ဖွဲ့က ကြိုးစားရင်းကနေ ရုန်းရင်းဆန်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။
ဒါပေမဲ့ ဆန္ဒပြပွဲ တခုလုံး အတိုင်းအတာအရတော့ အများစု ငြိမ်းချမ်းခဲ့ပြီး လူတချို့ကို ထိန်းသိမ်း တာနဲ့ ဆန္ဒပြဧရိယာထဲ ထပ်မဝင်ဖို့ တားမြစ်တာမျိုးတွေ လုပ်ခဲ့ရတယ်လို့ ဟမ်းဘတ်ဂ် ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒီဆန္ဒပြပွဲကို ဖက်ဒရယ်ရဲတပ်ဖွဲ့နဲ့ မက်ကလန်ဘာ့ဂ် ဖှော်ပွမ်မန်းပြည်နယ် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့အတူ ရဲတပ်ဖွဲ့ဝင် ၁,၄၀၀ လောက်က လုံခြုံရေးယူပေးခဲ့တာ ဖြစ်ပြီး အခုလို ကိုင်တွယ် နိုင်ခဲ့တဲ့အပေါ် ကျေနပ်အားရမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဥရောပတဝန်း လူငယ်ဆန္ဒပြပွဲတွေနဲ့ ပူးပေါင်းဖို့ စုစည်းလာကြတဲ့ ဟမ်းဘတ်ဂ်ဆန္ဒပြပွဲဟာ ကိုလုံးန်၊ ဘာလင်နဲ့ ဖရန့်ဖတ်အပါအဝင် ဂျာမနီမြို့ကြီး တော်တော်များများမှာ နေ့ခင်းပိုင်းက ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေအပြီး ဂရင်းနစ်စံတော်ချိန် ၁၇: ၀၀ နာရီမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











