အီရန်အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ထရမ့်ပ်က “အီရန်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ကျနော်တို့ ချမှာပါ။ အီရန်က ပျက်စီးနေပါပြီ။ ဒါကြောင့် လွယ်တဲ့နည်းလား၊ ခက်တဲ့နည်းလားဆိုတဲ့ မေးခွန်း ၁ ခုပဲ ရှိပါတယ်။ ကျနော်တို့ကတော့ လွယ်မဲ့နည်း ဒါမှမဟုတ် ခက်တဲ့နည်းကို လုပ်သွားမှာပါ” လို့ သတင်းထောက်တွေ ကို ပြောပါတယ်။
နျူကလီးယားလက်နက် ပိုင်ဆိုင်မဲ့ အစီအစဉ်တွေကို အီရန်က စွန့်လွှတ်လုနီးပါးဖြစ်နေပြီလို့လည်း ထရမ့်ပ်က ဆိုပါတယ်။
ထရမ့်ပ်ရဲ့ ထိပ်တန်းအမျိုးသားလုံခြုံရေးလက်ထောက်တွေဟာ ကမ့်ဒေးဗစ်မှာ လျှို့ဝှက်တွေ့ဆုံခဲ့ပြီး အီရန်အရေး၊ ယီမင်မှာဖြစ်နေတဲ့ ဆော်ဒီနဲ့ ဟူဒီပဋိပက္ခတွေကို ဆွေးနွေးခဲ့တယ်လို့ Axios သတင်းဌာနက ဖော်ပြပါတယ်။
အမေရိကန်က ကြီးမားတဲ့ စစ်ဆင်ရေးတွေ ဆက်လုပ်ပါက အီရန်က အရင်ကထက် ပိုပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ စစ်ဘောင်ကျယ်အောင် ပြင်ဆင်နေတယ်လို့ နီးစပ်သူတွေက ရိုက်တာကို ပြောပါတယ်။
အီရန်ဟာ ဆွေးနွေးပွဲတွေကနေ စစ်ပွဲအရှိန်မြင့်တက်မှုကို ရှောင်ရှားနေပေမဲ့ စစ်ပွဲအတွက် တုံ့ပြန်ဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။
စီနီယာတပ်မှူးတွေဟာ အမေရိကန်စစ်အခြေစိုက်စခန်းတွေရှိတဲ့ နိုင်ငံတွေကို လက်တုံ့ပြန်မှုသာမက အမေရိကန်စစ်ပွဲဆင်နွှဲမှုကို ထောက်ခံတဲ့ အရှေ့အလယ်ပိုင်းက မဟုတ်တဲ့ နိုင်ငံတွေကိုလည်း တိုက်ခိုက်ဖို့ အစီအစဉ်တွေကို ပြန်သုံးသပ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဒီသတင်းတွေဟာ စီနီယာအရာရှိ ၃ ယောက်နဲ့ အတွင်းသိ တယောက်နဲ့ ဆွေးနွေးမှုကနေ သိခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၉ ရက်က စတင်ခဲ့တဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးမှုလုပ်ခဲ့တာပါ။ ဧပြီ ၈ ရက်နေ့တုန်းက အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ဖူးပြီး ရက် ၄၀ ကြာ စစ်ပွဲကို အဆုံးသတ်ခဲ့ပေမဲ့ တိုက်ခိုက်မှုတွေ ဆက်ပြီး ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
Source: Reuters










