
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ရပ်ထားတဲ့ ကုန်ကားကို မောင်းလာတဲ့ကားက ဝင်တိုက်လို့ ယာဉ်မောင်းတယောက် သေဆုံးသွားတယ်လို့ ကူညီဆောင်ရွက်ပေးသူတွေဆီက သိရပါတယ်။
မေ ၁၇ ရက် မနက်ပိုင်းက ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ သမန္တလင်းကျေးရွာ အနီးမှာ လမ်းဘေးရပ်ထားတဲ့ ကုန်တင်ကားကို မောင်းလာတဲ့ကားက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တာကြောင့် ဝင်တိုက်တဲ့ကားပေါ်က ယာဉ်မောင်းအမျိုးသားတယောက် သေဆုံးသွားတာလို့ သိရပါတယ်။
ယာဉ်တိုက်မှုကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “အတိုက်ခံရတဲ့ ကားပေါ်မှာက လူမရှိဘူး။ ဝင်တိုက်တဲ့ကားပေါ်က ယာဉ်မောင်းနဲ့ ယာဉ်အကူ ပါလာတယ်။ ယာဉ်မောင်း တခါတည်း နေရာမှာပဲ ဆုံးသွားတယ်။ အလောင်းကို ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့ရတာ” လို့ ပြောပါတယ်။
ဝင်တိုက်တဲ့ကားပေါ် ပါလာတဲ့ ယာဉ်အကူအမျိုးသားဟာ ထွက်ပြေးသွားပြီး သေဆုံးသူ အသက် ၄၀ ကျော်အရွယ် ယာဉ်မောင်းအမျိုးသား ရုပ်အလောင်းအား ကျောက်ဆည်မြို့နယ် ပြည်သူ့ဆေးရုံကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လမ်းဘေးရပ်ထားတဲ့ကားကို အရှိန်ပြင်းပြင်းနဲ့ ရုတ်တရက် ဝင်တိုက်တာဟာ ယာဉ်မောင်းရင်း အိပ်ငိုက်ရာကတဆင့် တိုက်မိတာလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။










