အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဟော်မုဇ်ရေလက်ကြားကတဆင့် လောင်စာဆီ ထောက်ပံ့နေတာတွေ အနှောင့်အယှက် ဖြစ်နေတဲ့ကြားက အိန္ဒိယရေနံချက်စက်ရုံတွေက အီရန် ရေနံကို ဝယ်ခဲ့တယ်လို့ ရေနံဝန်ကြီးဌာနက ဧပြီ ၄ ရက်မှာ ပြောပါတယ်။
ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူနဲ့ သုံးစွဲသူဖြစ်တဲ့ အိန္ဒိယဟာ အီရန်ရေနံစိမ်းကို မဝယ်ဖို့ အမေရိကန်ရဲ့ ဖိအားပေးမှုအပြီး ၂၀၁၉ ခုနှစ် မေလကစလို့ အီရန်ရေနံကို မရခဲ့ဘဲ အမေရိကန်-အစ္စရေးစစ်ပွဲကြောင့် ဖြစ်တဲ့ အနှောင့်အယှက်တွေကလည်း အိန္ဒိယကို အပြင်းအထန် ထိခိုက်စေခဲ့ပါတယ်။
ရေနံဝန်ကြီးဌာနက “အရှေ့အလယ်ပိုင်းက အထောက်အပံ့အပေါ် အနှောင့်အယှက်တွေကြားက အိန္ဒိယရေနံချက်စက်ရုံတွေဟာ အီရန်အပါအဝင် နိုင်ငံတွေဆီကနေ ရေနံစိမ်းလိုအပ်ချက်တွေကို ဝယ်ယူရရှိထားပြီး အီရန်ရေနံစိမ်း တင်သွင်းမှုအတွက် ငွေပေးချေမှုဆိုင်ရာ အတားအဆီးမရှိဘူး”လို့ X လူမှုကွန်ယက်ကနေ ပြောပါတယ်။
အိန္ဒိယက လာမဲ့လတွေအတွက် ရေနံစိမ်း လိုအပ်ချက်တွေကို အပြည့်အဝ ရထားပြီလို့လည်း ဝန်ကြီးဌာနက ထပ်ပြောပါတယ်။
“အိန္ဒိယနိုင်ငံဟာ နိုင်ငံပေါင်း ၄၀ ကျော်ကနေ ရေနံစိမ်းတင်သွင်းပြီး ကုမ္ပဏီတွေက ကုန်သွယ်မှုဆိုင်ရာ ထည့်သွင်းစဉ်းစားချက်တွေအပေါ် အခြေခံပြီး မတူတဲ့ရင်းမြစ်တွေနဲ့ ပထဝီဝင်ဒေသတွေကနေ ရေနံကို ရယူဖို့ အပြည့်အဝ ပြောင်းလွယ်ပြင်လွယ် ရှိထားတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
အိန္ဒိယဟာ ခွင့်ပြုထားတဲ့ သင်္ဘောတစင်းပေါ်မှာ တင်လာတဲ့ အီရန်ဓာတ်ငွေ့ရည် မက်ထရစ်တန်ချိန် ၄၄,၀၀၀ ကိုလည်း ဝယ်ယူခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ မန်ဂလောအနောက်ပိုင်းဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့တဲ့သင်္ဘောဟာ လောင်စာဆီတွေကို ထုတ်လွှတ်နေပြီလို့ ဝန်ကြီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့လက အမေရိကန်ပြည်ထောင်စုက ထောက်ပံ့မှုပြတ်လပ်တာတွေကို လျှော့ချဖို့ အီရန်ရေနံနဲ့ သန့်စင်ပြီး ထုတ်ကုန်တွေအပေါ် ပိတ်ဆို့မှုတွေကို ယာယီဖယ်ရှားခဲ့ပါတယ်။
Source: Reuters










