DVB Logo
Home
မြန်မာသတင်း
မိုးကောင်းမြို့နယ်၌ စစ်တပ်က လူငယ်များကို စာရင်းကောက်နေ
ဟန်န
·
May 20, 2026
Photo : SNA
Photo : SNA
Donate to DVB

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာ စစ်အာဏာရှင်တပ်က မြို့နယ်၊ ကျေးရွာတွေမကျန် သန်းခေါင်စာရင်း စတင်ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးကောင်းမြို့နယ်အတွင်း မြို့နယ်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့် အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်အတွင်း လူငယ်တွေကို သန်းခေါင်စာရင်းကောက်ခံတာ မေ ၁၈ ရက်က စတင်လုပ်ဆောင်နေတယ်လို့ မိုးကောင်းဒေသခံတယောက်က ပြောပါတယ်။

“သန်းခေါင်စာရင်းကတော့ သူတို့ မကြာခင်မှာ အုပ်ချုပ်ရေးမှူးတွေ အလွှဲအပြောင်းလုပ်မယ်လို့ ပြောတယ်။ အသက် ၃၅ နှစ်အောက်ကို စာရင်းကောက်တာတဲ့။ သူတို့ဘက်က ၃၅ နှစ်ကနေ ၁၈ နှစ်အတွင်းကို ကောက်တယ်ဆိုတော့ မိုးကောင်းမြို့နယ် တမြို့နယ်လုံး စာရင်းကောက်ခိုင်းတယ်လို့ ပြောတယ်။ ရွာတိုင်း အုပ်ချုပ်ရေးတွေရော အကုန်လုံး။ ဘာအတွက် ကောက်တာလဲလို့ သူတို့အုပ်ချုပ်ရေးပိုင်းကို လာမေးတဲ့အခါကျတော့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အဲဒီမှာ စာရင်းထည့်ပေးရမှာမို့လို့ တရွာကို အယောက် ၂၀ ထည့်ပေးရမှာ၊ အဲဒါကြောင့် ပထမဆုံးအနေနဲ့ စာရင်းကောက်တာလို့ သိရတယ်။”

မိုးကောင်းမြို့နယ်ဟာ မြစ်ကြီးနား-မန္တလေးသွား လမ်းမကြီးပေါ်မှာ တည်ရှိပြီး စစ်တပ် အားကောင်းတဲ့ နေရာတခု ဖြစ်သလို SNA ရှမ်းနီတပ်တို့ အဓိကစစ်ရေးလှုပ်ရှားတဲ့ နေရာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့လည်း မကြာခဏ တိုက်ပွဲဖြစ်နေ ပါတယ်။

မိုးကောင်း၊ မိုးညှင်း၊ ဖားကန့် တဝိုက်မှာ အခြေပြု လှုပ်ရှားတဲ့ SNA တပ်ရင်းအားလုံးကို တပ်မဟာအနေနဲ့ ဖွဲ့ပြီးမှ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ကညှင်မြိုင်ကျေးရွာမှာ အခြေပြုထားတဲ့ SNA တပ်မဟာ ၅၆၅ လှုပ်ရှားနေတာ ၂ နှစ်နီးပါး ရှိနေပြီလို့ သိရပါတယ်။

မိုးကောင်းမြို့နယ်နဲ့ ကားမိုင်းမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ ပြည်သူ့စစ်တွေကို စစ်ရေးတင်းမာနေတဲ့ ကချင်ဒေသက စစ်မျက်နှာအသီးသီးကို ပို့ဆောင်နေတာကြောင့် လူအင်အား ပိုလိုအပ်နေတဲ့အတွက် အခုလို လူငယ်တွေကို သန်းခေါင်စာရင်းကောက်ခံဖို့ လုပ်လာတာ ဖြစ်နိုင်တယ်လို့ မိုးညှင်းဒေသခံတယောက်က သုံးသပ်ပါတယ်။

“အခု စာရင်းကောက်တာက ပြောရမယ်ဆိုရင် သူတို့စုဆောင်းရေးဆွဲတာက အဲဘက်မှာ ကုန်သလောက်တော့ ရှိသွားပြီ။ မိုးညှင်း၊ မိုးကောင်းဒေသတဝိုက်မှာ။ လူငယ်တော်တော်များများလည်း သူတို့စုဆောင်းရေးဆွဲလို့ ကုန်သွားတဲ့အခါမှာ အခုလို သူတို့ မဖြစ်မနေ လူအင်အား ပြန်လိုတာပေါ့။ အစ်ကိုတို့နဲ့ တိုက်ပွဲကလည်း ၂ နှစ်နီးပါးရှိလာပြီ၊ မျက်နှာချင်းဆိုင် ဖြစ်နေတာက။ နောက်ပြီး မိုးညှင်း မိုးကောင်းက ပြည်သူ့စစ်တွေကို ဝိုင်းမော်၊ ဗန်းမော်၊ ဖားကန့် အစရှိသဖြင့် စစ်မျက်နှာတော်တော်များများမှာ ပို့နေတာဆိုတော့ အခု သူတို့ ဒီဘက်မှာ လူအင်အားလိုလို့ စာရင်းကောက်တဲ့သဘော ဖြစ်မယ်။”

စစ်အာဏာရှင်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အကျအဆုံးများချိန်နဲ့ နေရာဒေသ အသီးသီးမှာ စစ်မျက်နှာဖွင့်ခံရချိန်မှာ တိုက်ခိုက်ရေးအင်အား ဖြည့်တင်းဖို့အတွက် အာဏာသိမ်းပြီး ၃ နှစ်ခန့်အကြာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပါတယ်။

စစ်မှုထမ်းဖို့ လူအင်အား စုဆောင်းရာမှာလည်း စစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေဟာ လူငယ်တွေကို ဖိအားပေးတာ၊ အတင်းမဲနှိုက်ခိုင်းတာ၊ အဓမ္မနည်းနဲ့ ဖမ်းဆီးစုဆောင်းတာတွေအပြင် ပေါ်တာဆွဲတာတွေပါ ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းချိန်ကတည်းက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း မြန်မာလူငယ်တွေ အလုံးအရင်းနဲ့ ပြည်ပကို ထွက်ခွာခဲ့ပါတယ်။

စစ်တပ်က စစ်မှုထမ်းအပတ်စဉ်တခုကို လူ ၅,၀၀၀ နှုန်း ခေါ်ယူမယ်လို့ တရားဝင် ထုတ်ပြောထားတာကြောင့် လက်ရှိမှာ အပတ်စဉ် ၂၄ အထိ ရောက်ရှိပြီလို့ သိရပြီး တပ်သားအင်အား တသိန်းခန့် ရရှိထားပြီးပြီလို့ ခန့်မှန်းရပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းတွေ အသုံးပြုပြီး တနိုင်ငံလုံးနီးပါးကို ထိုးစစ်ပြန်လုပ်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013