
အီရန်အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး အလီလာရီဂျာနီရဲ့ လက်ရေးစာတစောင်ကို မတ် ၁၇ ရက်မှာ သူ့ရဲ့လူမှုမီဒီယာအကောင့်ကနေ ထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက လေကြောင်းတိုက်ခိုက်မှုအတွင်း သူ့ကို သတ်ခဲ့တယ်လို့ ပြောနေချိန်မှာ ခုလို ထုတ်ပြန်တာပါ။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က လာရီဂျာနီဟာ အင်္ဂါနေ့က အစ္စရေး လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားပြီလို့ ပြောခဲ့တာပါ။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေက လာရီဂျာနီဟာ တိုက်ခိုက်မှုရဲ့ ပစ်မှတ်လို့ အတည်ပြုခဲ့ပါ တယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ ရုံးကလည်း အစ္စရေးခေါင်းဆောင်က အီရန် အကြီးတန်းအရာရှိတွေကို ဖယ်ရှားဖို့ အမိန့်ပေးခဲ့တယ်လို့ အင်္ဂါနေ့က လူမှုမီဒီယာပေါ်မှာ ပြောပါတယ်။
လာရီဂျာနီဟာ တိုက်ခိုက်မှုတခုမှာ သေဆုံးခဲ့ခြင်း ရှိ၊ မရှိကို အီရန်က အတည်မပြုသေးပေမဲ့ လာရီဂျာနီရဲ့ လူမှုမီဒီယာအကောင့်နဲ့ အီရန်မီဒီယာချန်နယ်တွေမှာ တင်ထားတဲ့ လက်ရေးစာဟာ လာရီဂျာနီ သေဆုံးမှုနဲ့ပတ်သက်တဲ့ အစ္စရေးရဲ့ ပြောဆိုချက်ကို ငြင်းဖို့ ကြိုးပမ်းချက်အဖြစ် ရှု့မြင် နိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောနေပါတယ်။
လာရီဂျာနီရဲ့ စာက မတ်လ အစောပိုင်းမှာ အမေရိကန်ရဲ့တိုက်ခိုက်မှု တခုမှာ သေဆုံးခဲ့တဲ့ ရေတပ် စစ်သင်္ဘော IRIS ဒေနာပေါ်က အီရန်စစ်သားတွေအတွက် ဝမ်းနည်းကြောင်း ဖော်ပြထားတာပါ။
စာထဲမှာ သူတို့ရဲ့ အမှတ်တရတွေက အီရန်ပြည်သူတွေရဲ့ နှလုံးသားထဲမှာ အမြဲရှိနေမှာဖြစ်ပြီး နောင်နှစ်ပေါင်းများစွာတိုင် အီရန်ရဲ့ စစ်ရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံအုတ်မြစ်တွေကို ခိုင်မာစေ လိမ့်မယ်လို့ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ ကွယ်လွန်ပြီးတဲ့နောက် လာရီဂျာနီဟာ အီရန်မှာ အဓိက ဆုံးဖြတ်ချက်ချသူအဖြစ် သတ်မှတ်ခံထားရပါတယ်။
Source: Reuters










