
တရုတ်နိုင်ငံရဲ့ ကြားဝင်းစေ့စပ်ပေးမှုနဲ့ စစ်အာဏာရှင်တပ်က တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့နဲ့ တွေ့ဆုံပွဲမှာ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံနဲ့ မိုင်းငေါ့မြို့ ၄ မြို့ကို ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ နေပြည်တော် စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မေ ၁၂ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ စစ်အာဏာရှင်တပ်ဘက်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုဗိုလ်ချုပ်ကြီးကိုကိုဦး၊ ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်တို့ တက်ခဲ့ပြီး TNLA ဘက်ကလည်း ဒုဗိုလ်ချုပ်ကြီးအဆင့်တွေ တက်ခဲ့တယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ညှိနှိုင်းရေးက အဆင်မပြေပါဘူး။ တပ်ဘက်က မြို့ ၄ မြို့ တောင်းတယ်။ အဲဒီမြို့တွေမှာ အုပ်ချုပ်ရေး ပြန်လည်တည်ဆောက်ချင်တယ်ပေါ့။ TNLA ဘက်က လက်မခံဘူး။ လက်မခံတဲ့အတွက် ဘယ်လိုဖြစ်လာမလဲ ဆိုတာတော့ မသိဘူး။”
အဲဒီဆွေးနွေးပွဲမတိုင်မီ ဧပြီလအတွင်းက လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်အာဏာရှင်တပ်နဲ့ TNLA အဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး TNLA ဘက်က မေ ၅ ရက်မှာ စစ်သုံ့ပန်း အယောက် ၁၁၀ ကို ပြန်လွှတ်ပေးခဲ့တယ်လို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“မေလ ၅ ရက်က TNLA က ပြန်လွှတ်တဲ့အထဲမှာ စစ်ဘက်က ၈၅ ယောက်၊ ရဲဘက်က ၂၅၊ စုစုပေါင်း ၁၁၀ ယောက်၊ လိုင်းပေါ်ပြန့်နေသလို ဗိုလ်မှူးချုပ်မင်းမင်းထွန်း မပါဘူး။ တပ်မ ၁၀၁ က ကိုယ်ပိုင်အမှတ် ကြည်း ၄၀၆၃၉ ဗိုလ်မှူးထက်ဝေယံ အပါ ၈၅ ယောက်နဲ့ ရဲဘက်က ရဲမှူး ၂ ဦး အပါအဝင် ၂၅ ယောက်ပါ။”
ပြန်လွတ်လာတဲ့ စစ်သုံ့ပန်း အယောက် ၁၁၀ မှာ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့၊ စဥ့်ကူး၊ နမ့်ဆန်၊ နမ္မတူ၊ နောင်မွန် တိုက်ပွဲတွေမှာ TNLA နဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်အာဏာရှင်တပ်နဲ့ တွေ့ဆုံပွဲမှာ TNLA အဖွဲ့က တရုတ်ဖိအားကြောင့် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကို ပြန်ပေးခဲ့ရပါတယ်။
တရုတ်အကူအညီနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေပေမဲ့ တဖက်မှာ စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာကြောင့် ၁၀၂၇ စစ်ဆင်ရေးမှာ TNLA က သိမ်းပိုက်နိုင်ခဲ့တဲ့ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့ကို လက်လွှတ်ထားရပါတယ်။
မေ ၁၂ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်အာဏာရှင်တပ်နဲ့ TNLA အဖွဲ့ တွေ့ဆုံပွဲကိုတော့ အခုချိန်ထိ နှစ်ဖက်စလုံးက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။










