DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့တွင် မြေသိမ်းခံ ဒေသခံများ ထပ်မံဆန္ဒပြ
DVB
·
January 8, 2015
တောင်ကြီးမြို့တွင် မြေသိမ်းခံ ဒေသခံများ ထပ်မံဆန္ဒပြ
1 / 6
Donate to DVB

ရှမ်းပြည်နယ် တောင်ကြီးခရိုင်က လယ်ယာမြေသိမ်းဆည်းခံထားရတဲ့ ဒေသခံတောင်သူတွေဟာ လယ်ယာမြေတွေပြန်ရရေး တောင်းဆိုတဲ့အနေနဲ့ ဒီကနေ့ ထပ်မံဆန္ဒပြခဲ့ကြပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအန်အို) နဲ့ ပအိုဝ်းဌာနေပြည်သူ့စစ်အဖွဲ့ (ပီအန်အေ) က သိမ်းယူထားတဲ့ မြေဧကပေါင်း ၃ ထောင်ကျော်ကို ပြန်ရဖို့ မနှစ်က ၂ ကြိမ် ဆန္ဒပြတောင်းဆိုပေမယ့် မပြေလည်သေးတာကြောင့် ထပ်မံဆန္ဒပြကြတာလို့ တောင်သူတွေက ပြောပါတယ်။

တောင်ကြီး၊ ဟိုပုန်း၊ ရပ်စောက်၊ ဆီဆိုင်မြို့နယ် ၄ ခုမှာရှိတဲ့ ရွာပေါင်း ၂၀ ကျော်က ဒေသခံတာင်သူ ၁ ထောင်ကျော်  တောင်ကြီးမြို့တွင်းမှာ ၃ နာရီကြာ စီတန်းလှည့်လည်ပြီး အောင်မြေဘုံစံကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

ဆန္ဒပြတောင်သူတဦးဖြစ်သူ ညိုမီးရွာသား ဦးမောင်အေးက “မနေ့ကတော့ ရဲတွေက ပီအန်အိုအဖွဲ့ချုပ် ရုံးဘက်မသွားဖို့ လာတားတယ်။ ကျနော်တို့လည်း မသွားတော့ဘူး။ ပြီးတော့  သူတို့လူကြီးတွေ နာမည်ပျက်မှာစိုးလို့ဆိုပြီး ပီအန်အိုအဖွဲ့နာမည်တပ်ပြီး ဆန္ဒမပြဖို့ မနေ့က ပီအန်အိုအဖွဲ့ဝင် ၃ ဦးက ရွာမှာ လာပြောတယ်။ ဒါပေမယ့် ကျနော်တို့က မဖျက်ပါဘူး” လို့ပြောပါတယ်။

မြေကွက်သိမ်းယူထားတဲ့ကိစ္စကို အစိုးရက ဖြေရှင်းပေးရေး၊ လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့ က ရွာသားတွေပေါ် ဖိနှိပ်အနိုင်ကျင့်နေတာကို အစိုးရက ကာကွယ်ထိန်းသိမ်းပေးရေး စတဲ့ အချက်တွေကို ဆန္ဒပြတဲ့ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။

မြေသိမ်းမှုကို ဖြေရှင်းပေးဖို့ မြို့နယ်အုပ်ချုပ်ရေးရုံး၊ ခရိုင်အုပ်ချုပ်ရေးရုံး၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ သိမ်းဆည်းခံ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မ ရှင်ဆီကိုရော၊ သမ္မတဆီကိုပါ တိုင်တန်းစာတွေ အကြိမ်ကြိမ်ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ လွယ် ကောင်းရွာနေ တောင်သူတဦးက ပြောပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစီအစဉ်နဲ့ တောင်သူတွေနဲ့ ပီအန်အိုအဖွဲ့တို့ မနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က  တွေ့ဆုံစဉ်မှာ ပီအန်အို ကိုယ်စားလှယ်တွေက ပေးစရာမြေ မရှိကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ မိမိပိုင်မြေယာတွေ ပြန်ရတဲ့ထိ ဆက်လက်တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် လယ်ယာနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်ကတော့ လက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်တဲ့ မြေသိမ်းကိစ္စမို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

မြေယာပြန်လည်တောင်းခံနေမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ပအိုဝ်းလက်နက်ကိုင်အင်အား စုတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

ဒေသခံတောင်သူများ ဥပဒေဘောင်တွင်းကနေ တောင်းဆိုဆန္ဒပြမှုတွေ ဆောင်ရွက်နိုင်ဖို့ တောင်ကြီးခရိုင် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတွေပါ ပံ့ပိုး ကူညီခဲ့ကြပါတယ်။

[gallery ids="76356,76358,76359,76360,76361,76362"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013