DVB Logo
Home
မြန်မာသတင်း
မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ကန်ဒေါ်လာ ၄ ဘီလီယံ လိုငွေပြနေ
DVB
·
January 7, 2015
Donate to DVB

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုဟာ  ခုဘဏ္ဍာနှစ်ရဲ့  ပထမ ၉ လတာ ကာလမှာ  အမေရိကန်ဒေါ်လာ ၄ ဘီလီယံ လိုငွေပြနေတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၄ ဧပြီလကနေ ၂၀၁၅ ဇန်န၀ါရီလ ၂ ရက်နေ့အထိ နိုင်ငံခြားကုန်သွယ်မှု တန်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၂၀,၈၉၄ ဒသမ ၇၄၈ သန်းကျော်ရှိခဲ့ရာမှာ ပို့ကုန်တန်ဖိုးကနည်းပြီး သွင်းကုန်တန်ဖိုးက များနေတာကြောင့် လိုငွေပြနေတာဖြစ်ပါတယ်။

[caption id="attachment_76268" align="aligncenter" width="556"]Soe Zeya Tun/Reuters Soe Zeya Tun/Reuters[/caption]

စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမှုအတွက် တင်သွင်းတာတွေများနေပြီး ပို့ကုန်အသစ်တွေ တိုးမြှင့် တင်သွင်းနိုင်ခြင်းမရှိတာကြောင့် ခုလို လိုငွေပြနေတာ သဘာဝကျတယ်လို့ သုံးသပ်ပြောပါတယ်။

“တည်ဆောက်ရေးလုပ်ငန်းတွေ၊ စက်ရုံအလုပ်ရုံတွေရှိတယ်၊ ရင်းနှီးမြှုပ်နှံမှု ကုန်စည်တွေ သွင်းတာတွေရှိတယ်။ စားသုံးကုန်စည်တွေ တင်သွင်းတာတွေရှိတယ်။ သွင်းကုန်ကပဲ များနေတာပေါ့။ ပို့ကုန်ဘက်ကတော့ သမားရိုးကျပို့ကုန်တွေပါပဲ၊ ထူးထူးခြားခြား အသစ်ရယ်လို့ ပို့နိုင်တာမရှိဘူး။ ကုန်သွယ်မှုဖြေလျော့တာရဲ့ ရလဒ်အနေနဲ့ ကတော့ ပို့ကုန်မှာ သိသိသာသာ တက်မလာဘဲနဲ့ သွင်းကုန်မှာတော့ သိသိသာသာတိုးလာတယ်။ သွင်းကုန်တွေကိုကြည့်ရင် ရင်းနှီးမြှုပ်နှံမှုကုန်စည်တွေကတော့ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စက်မှုလက်မှုလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးဖို့ အထောက်အကူဖြစ်စေလို့ လိုလားအပ်တဲ့ ကုန်စည်တွေဖြစ်တယ်။ စားသုံးကုန်စည်တွေ တင်သွင်းတာ သိပ်တော့ မကောင်းလှဘူး။ တိုက်ရိုက်ကြီး အကျိုးမပြုဘူးပေါ့။ သို့သော်လည်း လူတွေအတွက် ရွေးချယ်မှုတွေ များပြားလာတဲ့အနေနဲ့တော့ တွက်ဆလို့ရပါတယ်။”

အခုဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်တင်ပို့မှုပမာဏဟာ ကန်ဒေါ်လာ ၈,၆၃၃ဒသမ ၇၁၅ သန်းရှိပြီး   သွင်းကုန်တန်ဖိုးပမာဏကတော့ ကန်ဒေါ်လာ ၁၂,၂၆၁ ဒသမ ၀၃၃ သန်းကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ပပို့ကုန်ထဲမှာ  နယ်စပ်ကုန်သွယ်ရေးက ကန်ဒေါ်လာ ၃၁၈၂ ဒသမ ၄၉၄ သန်းရှိပြီး ပုံမှန်ကုန်သွယ်ရေးကတော့  ကန်ဒေါ်လာ ၅၄၅၁ ဒသမ ၂၂၁ သန်းရှိပါတယ်။

သွင်းကုန်ထဲမှာတော့  နယ်စပ်ကုန်သွယ်ရေးကနေ ကန်ဒေါ်လာ ၁၆၇၅ဒသမ၃၄၃ သန်းရှိပြီး ပုံမှန်ကုန်သွယ်ရေးကနေ  ကန်ဒေါ်လာ ၁၀၅၈၅ ဒသမ ၆၉၀ သန်းရှိတယ်လို့ အစိုးရ တရားဝင်ထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံကနေ သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေးထွက်ကုန်၊ မွေးမြူရေးနဲ့ ရေထွက်ကုန်၊ ကျောက်မျက်၊ သတ္တုနဲ့ သစ်တောထွက်ပစ္စည်းတွေ အဓိက ပြည်ပနိုင်ငံတွေကို တင်ပို့ပြီး စားသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပစ္စည်းတွေ အဓိက တင်သွင်းတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို သစ်အလုံးလိုက်တင်ပို့ရောင်းချမှုတွေကို ခုဘဏ္ဍာနှစ်အစ ဧပြီလက စတင်ပြီး ပိတ်ပင်တားမြစ်လိုက်တာဟာလည်း ပို့ကုန်တန်ဖိုးလျော့ကျသွားရခြင်း အကြောင်းရင်းတခုဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013