DVB Logo
Home
Lead Story
မွတ်စလင်ကိစ္စပဲ လုပ်နေတယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိပါတယ် - ဒေါ်ခင်မိုးမိုး
DVB
·
January 7, 2015
မွတ်စလင်ကိစ္စပဲ လုပ်နေတယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိပါတယ် - ဒေါ်ခင်မိုးမိုး
Donate to DVB

ရှမ်းပြည်နယ်မှာ သတို့သား၊ သတို့သမီးအပါအ၀င် မင်္ဂလာပွဲလာရင်း ဖမ်းဆီး တရားစွဲခံရသူ မွတ်စလင်အယောက် ၂၀ ကို  တောင်ကြီးခရိုင်တရားရုံးမှာ လာမယ့် ဇန်န၀ါရီ ၁၂ ရက်နေ့ကျရင် အပြီသတ် အမိန့်ချမှတ်ဖို့ ရှိပြီး လုံခြုံရေးအထူး ကြပ်မတ်သင့်တယ်လို့  တရားခံရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ လခန့်က ကွန်ဟိန်းမြို့က မင်္ဂလာဆောင်ကို သွားကြတဲ့ မွတ်စလင် ၁၄ ဦးကို ကွန်ဟိန်းမြို့အ၀င်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

သူတို့ထဲမှာ တောင်ကြီးမြို့ခံ ၆ ဦးနဲ့ ကျောက်ဆည်မြို့နယ် လက်ပံရွာသားတွေ ပါဝင်ပြီး နောက်ပိုင်းမှာ သတို့သမီးနဲ့ သတို့သားအပါအ၀င် ၆ ဦးကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

သူတို့ကို တရားမ၀င်အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်ဆိုပြီး အမှုဖွင့်ရာက နောက်ပိုင်းမှာ လက်နက်တစုံတရာနဲ့ တိုင်းပြည်ဆူအောင်လုပ်ဆောင်မှု ပုဒ်မ ၅ (ဋ္ဌ) နဲ့ ပြည်ထောင်စု ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင်လုပ်ဆောင်မှု ပုဒ်မ ၅(ည)နဲ့ တရားစွဲပြီး ရုံးထုတ် စစ်ဆေးနေတာပါ။

တရားခံဘက်က အမှုလိုက်ပေးနေတဲ့ ရှေ့နေ ဒေါ်ခင်မိုးမိုးကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

မွတ်စလင် အယောက် ၂၀ တရားစွဲခံထားရတဲ့ နောက်ဆုံးအခြေအနေ ပြောပြပေးပါ ခင်ဗျ။

“ကျမတို့ အပြီးသတ် လျှောက်လဲချက် တင်ပြီးပါပြီ။ အခု အမိန့်ချဖို့အဆင့်ပဲ ရောက်နေ ပါပြီ။ အမိန့်ချဖို့ပဲ ကျန်ပါတော့တယ်။ အပြီးသတ်လျှောက်လဲချက်က ၂၉ ချိန်းမြောက်မှာ တင်တယ်။ ကျမတို့ လျှောက်လဲချက်တင်တာက ဇန်န၀ါရီ ၁ ရက်နေ့က တင်ပါတယ်။ ၁၂ ရက်နေ့ (ဇန်န၀ါရီ) နေ့မှာ အပြီးသတ်  အမိန့်ချပါမယ်ရှင်။”

အပြီးသတ် လျှောက်လဲချက်မှာ ဘာအကြောင်းအရာတွေကို ထောက်ပြ လျှောက်လဲခဲ့ပါသလဲ။

“ကျမက ၂၀ ထဲမှာ ၁၂ ယောက်ကို လိုက်တာ။ ကျန် ၈ ယောက်ကိုတော့ ကျန်တဲ့ ရှေ့နေကြီးတွေအသီးသီးလိုက်ပါတယ်။ ၃ ယောက်ကို ရှေ့နေကြီးတဦး လိုက်တယ်။ နောက် ၃ ယောက်ကို ရှေ့နေကြီး ၁ ဦး လိုက်တယ်။ ၂ ယောက်ကို ရှေ့နေကြီး ၁ ဦး လိုက်တယ်။ ၁၂ ယောက်အတွက်ကတော့ ကျမက ၅ ညနဲ့တပ်ထားတဲ့အပေါ်မှာ ကျမတို့ ဒီလူတွေကိုက မင်္ဂလာဆောင်အသွားမှာ ဖမ်းတာ ဖြစ်တယ်။ သူတို့ အဖမ်းခံရစဉ်ကလည်း သူတို့ဆီက နိုင်ငံတော်လုံခြုံရေး၊ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတဲ့ စာရွက်စာတမ်းတစုံတရာကိုမျှ ၅ ညနဲ့ ညိစွန်းတဲ့အနေအထားကို တရားလိုဘက်က တင်ပြနိုင်ခြင်း မရှိဘူး။ အဲဒီလို တင်ပြနိုင်ခြင်း မရှိဘူးဆိုတာ ဟုတ်သလားဆိုတော့လည်း တရားလိုတွေကိုယ်တိုင်က၊ တရားလိုနဲ့ လိုပြသက်သေတွေကိုယ်တိုင်က ‘ဟုတ်ပါတယ်။ ဒီလို စာရွက်စာတမ်းတွေ တွေ့ခဲ့တာ၊ သိမ်းဆည်းခဲ့တာ မရှိပါဘူး’ လို့ ထွက်ထားပါတယ်။”

“အဲဒီအချက်ကို ကျမ အဓိက တင်ပြထားပါတယ်။ နောက်တခုက ၅ (ဋ္ဌ)။ ၅ (ဋ္ဌ) ကျတော့ ပေါက်ကွဲစေတတ်သော လက်နက်၊ ခဲယမ်း မီးကျောက်နဲ့ ပြည်သူလူထုကို အလွဲအမှားရောက်အောင် လှုံ့ဆော်စည်းရုံးခြင်းဆိုတဲ့ အကြောင်းအရာပါ။ အဲဒီမှာလည်း ကျမတို့ ဒီလူ ၂၀ ဦးလုံးဆီက ပေါက်ကွဲစေတတ်တဲ့လက်နက်တို့၊ ခဲယမ်းမီးကျောက်တို့ တခုမှ သိမ်းဆည်းရမိတာ မဟုတ်ဘူး။ သိမ်းဆည်းထားတာတွေက ဒီပုဂ္ဂိုလ်တွေ အကုန်လုံးရဲ့ နိုင်ငံသားဖြစ်မှုကတ်ပြားတွေ သိမ်းဆည်းထားတယ်။ တချို့ဝန်ထမ်းပါသူဆီက ဆိုရင် ၀န်ထမ်းကတ် သိမ်းတယ်။ ယာဉ်မောင်းလိုင်စင် သိမ်းတယ်။ အဲဒါတွေပဲ သိမ်းထားတာရှင့်။ နောက်သူတို့ရဲ့ လက်ကိုင်ဖုန်းတွေ သိမ်းတယ်။ ဆိုတော့ ကျမတို့က ၅ (ည) နဲ့လည်း မငြိစွန်းဘူး၊ ၅ (ဋ္ဌ)  နဲ့လည်း မငြိစွန်းဘူး။ တကယ်တမ်းငြိစွန်းတဲ့ ပုဂ္ဂိုလ်ဆိုရင် ကျမတို့က ကျမတို့ကိုယ်တိုင်လည်း တိုင်းပြည်ချစ်ပါတယ်။ တကယ်တမ်းငြိစွန်းတယ်ဆိုရင် အရေးယူပါ၊ အပြစ်ပေးပါ ထိထိရောက်ရောက်။”

“ဒီ ၁၂ ယောက်ကတော့ အဲဒီလို အရေးယူ အပြစ်ပေးနိုင်လောက်တဲ့ အထောက်အထား မရှိဘူးဆိုတာကို ကျမတင်ပြထားပါတယ်။ ကျမလူ ၁၂ ယောက်က သက်သေ ၂၈ ယောက်ကို တင်ပြပါတယ် သူတို့ဘက်က။ သူတို့တွေ ဒီပြစ်မှုကို မကျူးလွန်ကြောင်းကို သက်သေ ၂၈ ယောက် တင်ပြပြီးတော့ ထုချေ ထွက်ဆိုထားတာပါ။”

အမိန့်ချမှာက ဘယ်တရားရုံးမှာလဲခင်ဗျ။

“၁၂ ရက်နေ့မှာ အမိန့်ချမှာက တောင်ကြီးခရိုင်တရားရုံးမှာ ခရိုင်ဦးစီးမှူးရဲ့ တရားခွင်မှာ။ အယောက် ၂၀ လုံးကို အမိန့်ချမှာပါ။ ၂၀ စလုံးကို တောင်ကြီးခရိုင်တရားရုံးမှာ ခရိုင်ဦးစီးမှူးရဲ့တရားခွင်မှာ စစ်ပါတယ်။ လူတွေအားလုံး ၂၀ ယောက်လုံးကိုတော့ တောင်လေးလုံးအကျဉ်းထောင်မှာပဲ သူတို့ကို စဖမ်းပြီးကတည်းက ထည့်ထားတာပါ။”

ဒီအမှုနဲ့ ပတ်သက်လို့ စိတ်ဝင်စားဖွယ်၊ ရှေ့နောက်မညီတာတွေ မြင်တာ၊ တွေ့တာ၊ ကြားတာ ရှိလားခင်ဗျာ။

[caption id="attachment_76230" align="alignright" width="302"]daw khin moe moe ဒေါ်ခင်မိုးမိုး[/caption]

“ရှေ့နောက်မညီတာ ဆိုတာကတော့ စွဲကတည်းကိုကပေါ့နော် တရားလိုလုပ်တဲ့ စအဖက ဗိုလ်ကြီးက တရားလိုလုပ်တဲ့သူက စပြီး ရဲစခန်းမှာ အမှုဖွင့်တုန်းက မတရားသင်းဥပဒေ ၁၇ (၁) နဲ့ ဖွင့်တာပါ။ မင်္ဂလာဆောင်သွားတဲ့ သူတွေဟာပေါ့။ တဘက် သောင်းကျန်းသူတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ၁၇ (၁) နဲ့ဖွင့်တာ။ ဒါပေမယ့် သူတို့ စစ်ကြောပြီးတဲ့နောက်မှာ စစ်ကြောချက်တွေကို ဥပဒေရုံးကနေပြီးတော့ ဥပဒေအကြံပေးချက်အရ ၁၇ (၁) မဟုတ်တော့ဘဲနဲ့ ၅ (ည) နဲ့ ၅ (ဋ္ဌ) ကို ပြောင်းလိုက်တာပါ။”

“အဲဒီတော့ မူလတိုင်ချက်မှာ သောင်းကျန်းသူအဖွဲ့နဲ့ ဆက်သွယ်ရန်ဆိုပြီးတော့ တိုင်ထားတယ်။ နောက်ကျတော့မှ စစ်ကြောချက်တွေအရ ဒီလူတွေဟာဖြင့်ရင် ၅ (ည)၊  ၅ (ဋ္ဌ) နိုင်ငံတော်ကို ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီးတော့ ဥပဒေရုံးက ပြောင်းပြီးတော့ ပုဒ်မတွေ တပ်လိုက်တာပါ။ အဲဒီတော့ အဲဒီအချက်က မူလတိုင်ချက်နဲ့ ကင်းကွာနေတာပေါ့။ အဲဒီလို အနေအထားလေးတွေ ရှိပါတယ်။ ဒါပေမယ့် ကျမတို့ကတော့ ကျမရဲ့အမှုသည်တွေ၊ တရားခံတွေမို့လို့ ပြောတာ မဟုတ်ပါဘူး။ ၅ (ည)၊ ၅ (ဋ္ဌ) နဲ့ ငြိစွန်းတဲ့အထောက်အထား တခုမှ မရှိပါဘူး။ ဒါကြောင့်မို့ ကျမတို့ကတော့ အမှန်တရားကိုပဲ ဖြစ်စေချင်တာပေါ့။ ဒါပေမယ့် တရားသူကြီးအပိုင်းကလည်း အခက်အခဲတွေလည်း အများကြီးရှိတယ် ထင်ပါတယ်။ တခြားပေါ့နော်၊ တခြားဆိုတာ ဒီအမှုက နိုင်ငံရေးအမှုပါ။ ကျမတို့ လိုက်တာ နိုင်ငံရေးအမှုအနေနဲ့ လိုက်တာပါ။ ဘာသာရေးအမှု မဟုတ်ပါဘူး။

“ဒါပေမယ့် တချို့တချို့သော အဖွဲ့တွေပေါ့နော်။ မဘသတို့ ဘာတို့ အဲဒီလို အဖွဲ့တွေက နေပြီးတော့ ဒါကို ဘာသာရေးအစွန်းရောက်တွေ ဆိုပြီးတော့ လှုံ့ဆော်စည်းရုံးနေတာတွေ၊ ဒီအမှုကို စောင့်ကြည့်နေတဲ့ တရားရုံးက ဘယ်လို အမိန့်ချမလဲ၊ ငါတို့က ဒီအမှုကို မပြတ် စောင့်ကြည့်နေတယ်၊ အမိန့်မှားရင် လက်ခံဘူးဆိုတာမျိုးတွေပေါ့။ အဲဒါတွေ ဖေ့စ်ဘုတ်မှာ တက်နေတာ တွေ့တော့ အဲဒါတွေကတော့ပေါ့နော်။ မဟုတ်တဲ့၊ လွဲမှားတဲ့ အယူအဆတွေနဲ့ တင်နေတဲ့ အချက်အလက်တွေပါပဲ။”

ဒီတရားခံ အယောက် ၂၀ ထဲမှာ အသက် ၁၈ နှစ်မပြည့်သေးသူတွေ၊ အမျိုးသမီးတွေ။ သက်ကြီးပိုင်းတွေ ပါဝင်မှုနဲ့ အခြေအနေကို ပြောပြပါ။

“ယောက်ျားလေးတယောက်က မူလ စွဲလာတုန်းက ၁၈ နှစ်ဆိုပြီးတော့ သူတို့ တပ်ထားတယ်။ ရုံးတင်တဲ့အချိန်မှာ ဆရာဝန်နဲ့ စစ်လိုက်တော့ ဆရာဝန်က ၁၇ နှစ်နဲ့ ၁၇ နှစ်ခွဲအတွင်းမှာ ရှိမယ်လို့ ဆရာဝန်စစ်ဆေးချက်အရ သတ်မှတ်တယ်။ လာထွက်သွားတယ်ရုံးမှာ။ ဒါပေမယ့် အဲဒီကလေးက သူ့အသက်ဟာ ၁၅ နှစ်ပဲ ရှိပါတယ်လို့ သူက ပြောတယ်။ ဘယ်လိုလုပ်ပြီး ၁၅ နှစ် ရှိတာတုန်းဆိုတော့ သူ့ကိုမွေးတာက ၁၉၉၉ ဆိုလားပဲ။ အဲဒါ ကျမလိုက်တဲ့ တရားခံထဲက တဦးပါ၊ သတို့သားရဲ့ တူပါ။ ဦးလေးမင်္ဂလာဆောင်ကို အဖိုးအဖွားနဲ့အတူ လိုက်လာရင်းနဲ့ သူလည်း အဖမ်းခံရတယ်။ ဒါနဲ့ ဆရာဝန်ထွက်ချက်အရလည်း သူက ၁၈ နှစ်အောက်ဆိုတာလည်း ပေါ်နေတယ်။

“နောက်တခုက အမျိုးသမီး ၄ ယောက်ပါပါတယ်။ အမျိုးသမီး ၄ ယောက်ထဲမှာ တယောက်ကတော့ မင်္ဂလာဆောင်မှာ ဒံပေါက်ချက်ပေးဖို့ လိုက်တဲ့ အမျိုးသမီးက သူက အသက် ၆၀ ၀န်းကျင်ပေါ့။ နောက် သတို့သားရဲ့အမေက ၆၀ ကျော်။ အမေကော အဖေကောက အသက် ၆၀ ကျော်၊ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ အမေဆိုရင် တချိန်လုံး ဆေးကုသမှုခံနေရတဲ့သူပေါ့နော်။ သတို့သားအဖေနဲ့ အမေက အသက်ကြီးပိုင်းမှာ ပါပါတယ်။ နောက် သတို့သားရဲ့ညီမနဲ့ သတို့သမီးပေါ့။ အဲဒီကလေးတွေကတော့ ၂၀ ကျော်လေးတွေပဲ ရှိပါသေးတယ်။”

တရားရုံးချိန်းတွေမှာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)နဲ့ ဘယ်လို ကြုံရတာမျိုးရှိလဲ။

“ကြုံရတယ်ရှင့်။ ရုံးချိန်းနေ့တွေမှာ တရားရုံးက လုံခြုံရေးကို ထိထိရောက်ရောက် တားမြစ်ထားတယ်။ လုံခြုံရေးအရ တခြားသူတွေ ၀င်ခွင့်မပေးဘဲကို တားမြစ်ထားတယ်။ ဘယ်လောက်အထိ တရားရုံးက လုံခြုံရေးကို ဂရုစိုက်လည်းဆိုရင် တခြားအမှုက ရပ်ကွက်သက်သေပေါ့နော်၊ ရပ်ကွက်လူကြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်သေတွေကိုတောင် အဲဒီရက်တွေ ၀င်ခွင့်မပေးဘူး။ အဲဒီအမှုရှိတဲ့ရက်တွေ။ အမှုရှိတာလည်း ၁ ပတ်မှာ ၂ ရက်ရှိတာကို တနင်္လာနဲ့ ကြာသပတေး။ အဲဒီနေ့တွေမှာ အပြင်လူကို၊ အမှုနဲ့ မသက်ဆိုင်တဲ့သူကို လုံးဝ ၀င်ခွင့်မပေးဘူး။ အဲဒီလောက်ထိ စည်းကမ်းတကျလုပ်ထားတယ်။”

“ဒါပေမယ့် အပြင်မှာ မဘသ ရဟန်းဆိုတဲ့ပုဂ္ဂိုလ်တွေ၊ ၉၆၉ ဆိုတဲ့ ရပ်ကွက်ထဲက စွမ်းအားရှင်တွေ အဲဒီလိုလူတွေက တရားရုံးရှေ့က လက်ဖက်ရည်ဆိုင်မှာ အုပ်စု လိုက်ထိုင်တယ်။ ဖုန်းတွေ ဟိုဆက်၊ ဒီဆက်လုပ်တယ်။ ကျမကိုကျတော့ ပါတီဥက္ကဋ္ဌ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်နယ်) ဆိုတာနဲ့ တိုက်ခိုက်တာကျတော့ ဖေ့စ်ဘွတ်ခ် တွေမှာ တင်တယ်။ ဦးဝီရသူရဲ့ ၀က်ဘ်ဆိုက်တွေမှာ ဒီအမှုကို ဇောင်းပေးပြီးတော့ကို တင်ထားတာတွေ ရှိတယ်။ နောက်ပြီးတော့ အစောပိုင်းကဆိုရင် အဲဒီ မဘသ ရဟန်းအုပ်စုကနေပြီးတော့ စာရွက်တွေ ဝေသွားတာတွေ ရှိတယ်။ အဲဒီတော့ ကျမက တနေ့ကပဲ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) က အကြီးအကဲတွေကိုရောပေါ့နော်။ အမိန့်ချတဲ့နေ့ကျရင် လုံခြုံရေးကို အထူးသဖြင့် လုပ်ထားပေးပါ။ မလိုအပ်တဲ့ဟာတွေ ဖြစ်မှာစိုးလို့။ အဲဒီ ဘုန်းကြီး၊ ရဟန်းတွေကတော့ ရုံးထဲကို ၀င်ချင်တယ်၊ ရုံးက တားလို့သာ မ၀င်ရတာ။ မ၀င်ရတော့ ရှေ့က လက်ဘက်ရည်ဆိုင်မှာ စုရုံး၊ စုရုံးလုပ်တာတွေ ရှိတယ်။ ၄ ချိန်းလောက် သူတို့ လာဖူးတယ်ရှင့်။”

အန်တီကို စာရေးတာပဲဖြစ်ဖြစ်၊ ဖေ့စ်ဘွတ်ခ်ကပဲ ဖြစ်ဖြစ်။ တယ်လီဖုန်းနဲ့ ဖြစ်ဖြစ် အသက်အန္တရာယ်၊ ဂုဏ်သိက္ခာ ခြိမ်းခြောက်တာမျိုး၊ သတိပေးတာမျိုး ကြုံရလား။

“ရှိတယ်ရှင့်၊ ဖေ့စ်ဘွတ်ခ်ကရော၊ မေးလ်နဲ့ ပို့တာတွေရောပေါ့နော်။ ‘ဒီ မွတ်စလင်ကိစ္စတွေပဲ လုပ်နေတယ်။ ဘာညာ ဆိုပြီးတော့ အဲဒီလို ခြိမ်းခြောက်တာတွေ ရှိပါတယ်။ ကျမတို့လည်း ဘာပဲဖြစ်ဖြစ်ပေါ့။ ရဲတပ်ဖွဲ့တို့ ဘာတို့ကိုလည်း အသိပေးပါတယ်။ အသိပေးပြီးတော့ ကျမ အမှုသည်တွေကိုလည်း မထင်မှတ်တဲ့ ထောင်ချောက်ထဲ ၀င်သွားမှာစိုးလို့ တရားခံတွေရဲ့မိသားစုတွေဆို ကျမ ရုံးချိန်းတွေမှာကို မလာဖို့ တားထားတယ်။ သူတို့ ထမင်းကျွေးရုံလောက်လေးပဲ လာတယ်။ ထမင်းနဲ့ ဟင်းဘူးလေးတွေပို့ပြီးရင် သူတို့ ပြန်ကြတယ်။ နောက်တခါ အမိန့်ချမယ့်နေ့ဆို သူတို့ကို မလာပါနဲ့လို့ပဲ မှာထားတယ်။”

ပါတီမှာ အန်တီက ကြီးကြီးမားမား ပါတီတာဝန်လည်း ယူထားတယ်။ မွတ်စလင်တွေနဲ့ ပတ်သက်တဲ့အမှုမျိုး၊ မဘသတွေလည်း စောင့်ကြည့်တဲ့ အမှုမျိုးဆို ရှောင်ကြတာတွေ ရှိနေတယ်။ ဘာကြောင့် အန်တီ ဒီအမှုကို ဘာဖြစ်လို့ လိုက်တာပါလဲ။

“ကျမ Legal Aid Center ဥပဒေအထောက်အကူပြုလုပ်ငန်း ဖွင့်ထားတာ ရှိပါတယ်။ ကျမ Peace and Justice Legal Aid Center ဆိုတဲ့ တရားမျှတရေးနဲ့ ဥပဒေ အကာအကွယ်ရရှိရေးလုပ်ငန်းဆိုတာကို ကျမ တောင်ကြီးမှာ ၂၀၀၇၊ ၂၀၀၈ ကတည်းက ဖွင့်ထားတာပါ။ အဲဒီကတည်းက ကျမက ၁၇ (၁) ပေါ့နော်။ ကျမတို့ တိုင်းရင်းသားတွေ မတရားသင်းနဲ့ အရေးယူတဲ့ အမှုသည်တွေကို ကျမ အခမဲ့လိုက်ပါတယ်။ ထောင်မှာ သူတို့ရဲ့ စောင်တို့ အ၀တ်အစားတို့ကအစ ကျမ ကူညီပံ့ပိုးပေးတယ်။ အဲဒီဟာလုပ်လာတာ ကျမ ၂၀၀၇ ကတည်းကပါ။ အဲဒီမှာ ကျမရဲ့ တရားဥပဒေ အထောက်အကူပြုလုပ်ငန်းကလည်း တော်တော်ကြီးကို ကျယ်ပြန့်လာတာပေါ့။”

“ကျမ အမှုပေါင်း ၁၈၀ လောက်ထိ အခမဲ့ လိုက်ပေးခဲ့တာ။ အဲဒီတော့ အခု ဒီအမှုကလည်း ကျမသိထားတာက မွတ်စလင်တွေ၊ ဗမာတွေ မဟုတ်ဘူး။ ရပ်ဝေးကလာတဲ့အမှုသည်တွေ။ သူတို့မှာ နောက်က လိုက်နိုင်တဲ့သူလည်းမရှိဘူး။ သူတို့ ဒီအမှုတွေကို တချို့တွေက ရှေ့နေ ငှားတယ်။ ငှားတော့ ရှေ့နေတွေက မလိုက်ရဲကြဘူး။ မလိုက်ရဲကြတဲ့အချိန်မှာ ကျမကို ဆက်သွယ် အကူအညီတောင်းလာလို့ ကျမက ဒါ နိုင်ငံရေးအမှုအနေနဲ့ လိုက်ပေးတာပါ။ ၁၂ ယောက်ထဲမှာ ၃ ယောက်က ကျမ အခကြေးငွေ ရပါတယ်။ ကျန်တဲ့ ၉ ယောက်က အခကြေးငွေနဲ့လိုက်တာ မဟုတ်ပါဘူး။ လက်ပံရွာက မိသားစုတွေပါ။ မိသားစုတစုလုံး အထဲရောက်သွားတော့ သူတို့ကို အထဲက ပံ့ပိုးတဲ့သူလည်း မရှိဘူး။ အဲဒီတော့ အဲဒီမိသားစုတွေအတွက်က ကျမ အခမဲ့လိုက်ပေးပါတယ်။ ကျမအနေနဲ့ကတော့ တရားမျှတမှုရဖို့ပေါ့။”

“လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ရှိရင် လူ့အခွင့်အရေးနယ်ပယ်မှာ၊ တရားဥပဒေ လောကမှာ လူ့အခွင့်အရေး ဆုံးရှုံးတာက ပိုပြီး ဆိုးပါတယ်။ အဲဒါကြောင့်မို့လို့ ကျမကတော့ တရားမျှတမှုအတွက် ကျမ လိုက်ပေးတာပါ။ စစ်တာ၊ ချတာ ဆိုတာကို ကျမ စိတ်ဝင်စားတာထက် ကျမ အမှုသည်တွေက သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးရဖို့အတွက်ပဲ ကျမလုပ်ပေးခြင်း ဖြစ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013