
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဇန်နဝါရီကနေ ဧပြီလအတွင်း ယာဥ်တိုက်မှု ၅၂ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၃၂ ယောက်နဲ့ ဒဏ်ရာရသူ ၆၃ ယောက်ရှိတယ်လို့ စစ်အာဏာရှင် လက်အောက်ခံ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
ယာဥ်တိုက်မှုအများစုမှာ သတ်မှတ်ကီလိုထက် ပိုမောင်းနှင်တာကြောင့်ဖြစ်ပြီး ဒီနှစ် လေးလတာ ယာဥ်တိုက်မှုဟာ အရင်နှစ်ထက်စာရင် ပိုများလာပြီး သေဆုံးသူ ဦးရေလည်း တိုးလာတယ်လို အမြန်လမ်း နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“အရင်နှစ်ထက်စာရင် ယာဥ်တိုက်မှုရော၊ သေတဲ့သူရော ပိုများလာတယ်။ အရင်နှစ်က ယာဥ်တိုက်မှုကြောင့် သေတဲ့သူ ၁၉ ယောက်ပဲရှိတယ်။ ဒီနှစ် လေးလတာမှာ ၃၂ ယောက်ရှိတယ်။ ယာဥ်မောင်းတွေအနေနဲ့ အရှိန်မြှင့်ပြီးမောင်းတာ၊ သတ်မှတ်ကီလိုထက် ပိုမောင်းတာတွေ လျှော့သင့်တယ်။”
ဇန်နဝါရီကနေ ဧပြီလအတွင်း သတ်မှတ်ချက်ထက် အရှိန်လွန်မောင်းနှင်သူတွေကို ဖမ်းဆီးအရေးယူခဲ့ရာ လေးလတာကာလအတွင်း စည်းကမ်းမလိုက်နာသူ ၄,၈၀၆ ယောက်ကို အရေးယူနိုင်ခဲ့တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ရန်ကုန်-မန္တလေးးအမြန်လမ်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာလတွင်း ယာဥ်တိုက်မှု ၁၃၆ မှု၊ သေဆုံးသူ ၄၄ ယောက်နဲ့ ဒဏ်ရာရသူ ၂၆၂ ယောက်၊ ၂၀၂၄ ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း ယာဥ်တိုက်မှု ၁၂၈ မှု၊ သေဆုံးသူ ၆၃ ယောက် နဲ့ ဒဏ်ရာရသူ ၂၃၃ ယောက်၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ယာဥ်တိုက်မှု ၁၆၃ မှု၊ သေဆုံးသူ ၈၅ ယောက်နဲ့ ဒဏ်ရာရသူ ၃၂၆ ယောက်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိ ယာဥ်တိုက်မှု ၁၀၂ မှု၊ သေဆုံးသူ ၄၁ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁၇၅ ယောက်ရှိခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီကနေ မေလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဥ်တိုက်မှု ၁၄၇ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၄၈ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂၆၇ ယောက် ရှိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။










