အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်နေတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဂရိနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။
အီရန်စစ်ပွဲ ဒုတိယလထဲရောက်လာချိန်မှာ ဆန္ဒပြမှုအဖြစ် ဂရိနိုင်ငံမှာရှိတဲ့ ကျောင်းသားအဖွဲ့တွေ၊ အလုပ်သမားသမဂ္ဂတွေ၊ ရွှေ့ပြောင်းလူ့အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေ၊ လက်ဝဲယိမ်းနိုင်ငံရေးပါတီတွေ စတဲ့အဖွဲ့အစည်းတွေက ဆန္ဒပြမှုတွေ ဒါဇင်နဲ့ချီပြီး ပြုလုပ်ခဲ့တာပါ။
အေသင်မြို့မှာ ပါလီမန်အဆောက်အအုံအပြင်မှာ စတင် ဆန္ဒပြခဲ့တာဖြစ်ပြီး အမေရိကန်သံရုံးကို ဆက်လက် ချီတက်ဆန္ဒပြခဲ့တာပါ။
ဆန္ဒပြသူတွေက ပဋိပက္ခတွေ ချက်ချင်းရပ်ဖို့ ဂရိနိုင်ငံကို စစ်ပွဲမှာ မပါဝင်ဖို့တိုက်တွန်းမှုတွေနဲ့ ကာကွယ်ရေးထက် ကျန်းမာရေးနဲ့ ပညာရေးတို့အပေါ် ပိုပြီး အာရုံစိုက်ပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ ပါတယ်။
ဆန္ဒပြသူတွေဟာ “အီရန်အရေးမှာ ဝင်ရောက်စွက်ဖက်တာမလုပ်ရ”ဆိုတဲ့ စာတန်းတွေ ကိုင် ဆောင်ခဲ့ကာ “စစ်ပွဲအလိုမရှိ ပြည်သူတွေကို ငြိမ်းချမ်းရေးပြန်ပေးပါ” “ဂရိစစ်တပ်ကို အရှေ့အလယ်ပိုင်းကို မလွှတ်ပါနဲ့”စတဲ့ စာတန်းတွေကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် အီရန်၊ လက်ဘနွန်နဲ့ ပါလက်စတိုင်းအလံကို ကိုင်ဆောင်ပြီး စစ်ပွဲဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။
အီရန်စစ်ပွဲ လနဲ့ချီကြာမြင့်လာချိန်မှာ အီရန်မှာ သေဆုံးသူ ၁,၉၀၀ ကျော်ရှိပြီး ၂,၄၀၀ ကျော်ဒဏ်ရာရထားကာ အစ္စရေးမှာ အနည်းဆုံး ၁၉ ယောက် သေဆုံးခဲ့သလို အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ယောက် သေဆုံးခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ အီရန် စစ်ပွဲကြောင့် ရေနံဈေးနှုန်းတွေ တက်လာကာ ကမ္ဘာစီးပွားရေးမတည်မငြိမ်ဖြစ်စေခဲ့ပါတယ်။
Source: Reuters










