DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက် ငြိမ်း/ပွင့် နှင့် ကေအိုင်အို အလုပ်အဖွဲ့ တွေ့ဆုံဆွေးနွေး
DVB
·
January 6, 2015
၈၈ မျိုးဆက် ငြိမ်း/ပွင့် နှင့် ကေအိုင်အို အလုပ်အဖွဲ့ တွေ့ဆုံဆွေးနွေး
Donate to DVB

ဦးမြအေး ဦးဆောင်တဲ့ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) နဲ့ ကေအိုင်အိုနည်းပညာအလုပ်အဖွဲ့ (TAT) ဟာ မြစ်ကြီးနားမြို့ ကေအိုင်အိုဆက်ဆံရေးရုံးမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေဆိုင်ရာ အမြင်သဘောထားတွေ ဆွေးနွေးတယ်လို့ TAT အဖွဲ့ ပြောခွင့်ရ ဦးဒေါင်းခါးက ဒီဗွီဘီကို ပြောပါတယ်။

10923212_597026017094830_3990260545390559678_n“ကျနော်တို့က Action Plan (လှုပ်ရှားဆောင်ရွက်မယ့်ကိစ္စ)တွေ ဆွေးနွေးတာ မဟုတ်ပါ ဘူး။ တဖက်နဲ့ တဖက် အချက်အလက်တွေ အားလုံခြုံငုံပြီး ဖလှယ်တယ်။ ဘယ်လိုအားကောင်းအောင် လုပ်မလဲဆိုတာတွေကို ဆွေးနွေးတယ်။ ၂၀၁၅ မှာ ဘယ်လို ဆက်သွားမလဲဆိုတဲ့ အနေအထား သုံးသပ်မှုတွေ လုပ်တယ်။ ပြီးရင် ဒီငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ ခိုင်မာအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာတွေ ကျနော်တို့ စဉ်းစားပါတယ်။”

အခုလို နိုင်ငံရေးအဖွဲ့တွေ အချင်းချင်းတွေ့ဆုံချင်းအားဖြင့် သတင်းအချက်အလက်တွေ အလျဉ်မီသိရှိနိုင်ပြီး အမြင်ကွာဟမှုကို လျော့နည်းစေကြောင်း၊ အစိုးရရဲ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့လုပ်ငန်းနဲ့  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်း ဒီ ၂ ခုကို  နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အဖြစ်နိုင်ဆုံး အတတ်နိုင်ဆုံး ဟန်ချက်ညီညီ လှုပ်ရှားသွား လာနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့ဟာ ဒီကနေ့ ဇန်န၀ါရီလ ၆ ရက်မနက်ပိုင်းမှာတော့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွှေပြောင်းခဲ့တဲ့ အောင်မြင်သာစံပြကျေးရွာကို သွားရောက်ပြီး ရွာသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ ရွာသားတွေရဲ့ အကြပ်အတည်းနဲ့ ရင်ဖွင့်သံတွေ နားဆင်ခဲ့ကြောင်း အောင်မြင်သာစံပြရွာသူ ဒေါ်ဂျာခေါင်န် က ဒီဗွီဘီကို ခုလိုပြောပါတယ်။

“သူတို့ ဒီကို မနက် ၁၁ နာရီ ခွဲလောက်မှာ ရောက်လာကြပါတယ်ရှင့်။ မွန်းလွဲပိုင်း ပြန်သွားပါတယ်။ ရွာသားကိုယ်စားလှယ် ၂၀ နီးပါးနဲ့ ရိုးရာအိမ်မှာတွေ့ကြတယ်။ ရွာသားတွေက ဒီနေရာကို ပြောင်းလာခဲ့ရပုံ၊ ရွာဟောင်းမှာ နေတုန်းက အခြေအနေနဲ့ နေရာသစ်မှာ လုပ်ကိုင်စားသောက်ရတဲ့ အခက်အခဲတွေ၊ ကျန်းမာရေး၊ ပညာရေးတွေပါ အဆင်မပြေတာ၊ ကလေးတွေ ကျောင်းသွားကျောင်းလာ အဆင်မပြေတာတွေ ပြောကြပါတယ်။ သူတို့ အဖွဲ့က သက်ဆိုင်ရာတွေ အစိုးရတွေကို ကူပြောပေးမယ်လို့ ပြောသွားပါတယ်ရှင့်။”

လက်ရှိအစိုးရလက်ထက်မှာ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားပေမယ့်လည်း နောင်လာမယ့် အစိုးရလက်ထက်ကျရင် စီမံကိန်းပြန်ဆက်လုပ်မှာ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်းလည်း ရွာသားတွေက တင်ပြခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

၈၈ မျိုးဆက် (ငြိမ်း/ပွင့်)က ဦးမြအေးက သူ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ “ဒီ ဇန်န၀ါရီ လထဲမှာ ပြုလုပ်မယ့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)နဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ)ဆွေးနွေးပွဲမှာ တစုံတရာတိုးတက်မှုတွေရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့မြစ်ဆုံကို သွားပါမယ်။ အောင်မြင်သာကျေးရွာမှာ ဒေသခံတွေနဲ့ တွေ့ပါမယ်။ မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခံလိုက်ရတဲ့ သူတွေပါ။ မြစ်ဆုံစီမံကိန်းကို ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ဆက်လုပ်ခွင့် မပြုနိုင်ပါဘူး။ အပြီးတိုင် ရပ်ဆိုင်းရေးကိုဘဲ ဆက်လက်ဖိအားပေးအား ထုတ်သွားမှာပါ” လို့ ရေးသားထားပါတယ်။

ဦးမြအေးတို့ဟာ ဇန်န၀ါရီလ ၆ ရက် ညနေပိုင်းမှာ ဦးစန့်အောင် ဦးဆောင်တဲ့ ကေအိုင်အို ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့နဲ့ တွေ့ဆုံပါတယ်။

ဦးစန့်အောင်က “တနိုင်ငံလုံး အပစ်ရပ်ရေးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ရှေ့ဆက် အလားအလာတွေကို ဆွေးနွေးကြတာပါ။ သတ္တမအကြိမ်ဆွေးနွေးပွဲအတွက် အကြို ညှိနှိုင်းချက်ကို သုံးသပ်ချက်အရ တိုးတက်တဲ့အနေအထားမျိုး တွေ့ရတယ်။ ဒါကြောင့်မို့ သတ္တမအကြိမ်ဆွေးနွေးပွဲကျရင် အတိုင်းအတာတခုထိ တိုးတက်မယ်လို့ မြင်တယ်။ ဒီတခါမှာ မတိုးတက်နိုင်ရင်တော့ ဒီလုပ်ငန်းစဉ် ကြာသွားမှာပဲလို့ သုံးသပ်တယ်။ ပြည်ထောင်စုနေ့မှာ တပြည်လုံးအပစ်ရပ်ဖို့ သမ္မတပြောတာကို ဆွေးနွေးတယ်။ သမ္မတပြောတဲ့အတိုင်း ဖြစ်နိုင်ခြေ၊ မဖြစ်နိုင်ကတော့ ဒီလအတွင်း ဆွေးနွေးပွဲကို စောင့်ကြည့်ရဦးမှာပေါ့” လို့ ပြောပါတယ်။

ဦးမြအေးဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ဟာ မြန်မာပြည်မှာစစ်မက်တွေ ချုပ်ငြိမ်းပြီး တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ လမ်းစရှာဖို့  ကချင်ပြည်နယ် ခရီးစဉ်ကို သွားရောက်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013