DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းစီမံကိန်း ထုတ်ပြန်ချက် ဝေဖန်ခံရ
DVB
·
January 6, 2015
လက်ပံတောင်းစီမံကိန်း ထုတ်ပြန်ချက် ဝေဖန်ခံရ
Donate to DVB

လက်ပံတောင်းကြေးနီစီမံကိန်း အလုံးစုံပျက်သုန်းသွားအောင် လူနည်းစုတစုက စနစ်တကျ လှုံ့ဆော်နေတယ်လို့ စွပ်စွဲချက်အပါအ၀င် အကောင်အထည်ဖော်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်ကို ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ရွာသားတွေက ပယ်ချလိုက်ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့က လက်ပံတောင်းတောင်ဒေသမှာ လုံခြုံရေးအင်အားသုံးပြီး မြန်မာ ၀မ်ပေါင်ကုမ္ပဏီက အတင်းအကျပ်ခြံစည်းရိုးခတ်မှုမှာ လယ်ယာမြေလျော်ကြေး မယူတဲ့ ရွာသားတွေနဲ့ အဓိကရုဏ်းဖြစ်ပွားလို့  တောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံး ခဲ့သလို အများအပြားဒဏ်ရာရခဲ့ပါတယ်။

LaPaDaung Protest 29122014ဒီအဓိကရုဏ်းဖြစ်ပွားစေတဲ့ မကျေမနပ်မှုတွေဟာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အကြံပြုချက်တွေကို အကောင်အထည်ဖော်မှုပိုင်း အားနည်း ခဲ့လို့ ဖြစ်ခဲ့တာလို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းခဲ့ပြီးတဲ့နောက် ရက်ပိုင်းအကြာမှာ ကော်မတီက ကြေညာချက်ထုတ်ပြန် တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဇန်န၀ါရီ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ  စီမံကိန်း အလုံးစုံပျက်သုဉ်းရေးကို ဦးတည်တဲ့ လူနည်းစုက ပြင်ပအဖွဲ့အစည်းတွေ အကူအညီနဲ့ လှုံ့ဆော်မှုတွေ စနစ်တကျ လုပ်ဆောင်ပြီး အမြဲတစေပြဿနာတခုမဟုတ် တခုဖြစ်အောင် ဖန်တီးနှောင့်ယှက်နေတယ်လို့ ပါရှိပါတယ်။

စီမံကိန်းအတွက် သိမ်းဆည်းခဲတဲ့မြေတွေ အတွက် ၂၀၁၁ ခုနှစ်က မြေသိမ်း ဥပဒေနှင့်အညီ မြေခွန်၏ ၂၀ ဆနှုန်းနဲ့ လျော်ကြေးပေးခဲ့ရာ ဒေသခံများအားလုံး ထုတ်ယူခဲ့ပြီး ဖြစ်တဲ့အတွက် စီမံကိန်း မြေသိမ်းဆည်းအမိန့် ထုတ်ပြန်ပြီး စီမံကိန်း နယ်မြေလုံခြုံရေးအတွက် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ကြေညာခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။

အစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အပေါ် ဒေသခံရွာသား၊ ပညာရှင်တွေနဲ့ လွှတ်တော်အမတ်တွေက ဝေဖန်ကြပါတယ်။

စိမ်းလန်းအမိမြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသင်းက ဦးဝင်းမျိုးသူက တဧက အတွက် မြေခွန် ပေးဆောင်ရတာ ကျပ်ငွေ ရာဂဏန်းလောက်သာ ရှိသလို အဆ ၂၀ ပေးရင်တောင် အင်မတန် နည်းပါးနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

“မြေခွန်ရဲ့ ပမာဏ တဧကက ၁၀ ဂဏန်း ရာဂဏန်းလောက်ရှိတာပဲ ထားပါတော့ ၁၀၀ လောက် ရှိတယ်ဆိုရင် အဆ ၂၀ ဆိုရင် ငွေလေး ၃ သောင်း ၄ သောင်းပေးတာနဲ့ တရား ဥပဒေအတိုင်းလုပ်ပြီလို့ ပြောတာတောင် ကိုယ်လိပ်ပြာကိုယ်မရှက်တဲ့ သူတွေပဲပြောရမယ်။ ဒါခတ်စနစ်နဲ့ ဘယ်လိုမှ မကိုက် ညီတဲ့ အခြေအနေမှာ ရှိနေတယ်။ ဒါအစိုးရက သိမ်းပြီးသား ဖြစ်တယ်လို့ ပြောတာက ဘယ်လိုမှ တရားမျှတမှုမရှိဘူး။ မပြောသင့်တဲ့ အချက်ကို ပြောတယ်လို့ ဒီလိုပဲ ယူဆပါတယ်” လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။

ထုတ်ပြန်ချက်မှာ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ သုံးသပ် အကြံပြုချက်တွေကို အလေးထားဆောင်ရွက်နေသလို လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်ကို ပြန်လည်ချုပ်ဆိုခဲ့ပြီး မြေယာလျော်ကြေးနဲ့ ထောက်ပံ့ကြေးငွေကျပ် သိန်း ၁၀၇,၉၆၆.၉၂ သိန်းထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ရေးပါတယ်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင်ကတော့ ထုတ်ပြန်ချက်ထဲမှာပါတဲ့ အချက်တွေက ဒေသခံနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရှင်းပြနေတဲ့ စကားတွေသာ ဖြစ်သလို ပြည်သူတွေက လက်မခံနိုင်တဲ့ အတွက် ပြဿနာတွေ ဆက်ဖြစ်နေကို ကြည့်ခြင်းအားဖြင့် အပြောနဲ့ လက်တွေ့ ကွာဟနေတယ်လို့ ပြောပါတယ်။

“အဓိကကတော့ အောက်ခြေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို အကောင်ထည်ဖော်ရေး ကော်မတီက ဖြေရှင်းမပေးနိုင်သလို မြန်မာဝမ်ပေါင် ကုမ္ပဏီကလည်း ဖြေရှင်းပေးနိုင်တာကို ကျမတို့ မတွေ့ရဘူး။ အဓိကကတော့ အောက်ခြေဒေသခံတွေရဲ့ အထွေထွေ မကျေနပ်ချက်တွေနဲ့ ဒေသခံတွေရဲ့ အပေါ်မှာ ကော်မတီက လူတွေလို တန်ဖိုးထား လေးစားတာမျိုးမတွေ့ရဘူး” လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ဒါအပြင် အကောင်ထည်ဖော်တဲ့ကော်မတီနဲ့ ၀မ်ပေါင်ကုမ္ပဏီရဲ့ ဆောင်ရွက်ချက်ဟာ ဘယ်လောက် အားနည်းသလဲဆိုတာကို လယ်တီသိမ်ပြောင်းရွှေ့တာနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ အစီရင်ခံစာပါ အချက်နဲ့ ထောက်ပြလို့ရတယ်လို့ သူက ပြောပါတယ်။

လက်ပံတောင်းဒေသခံ မသွဲ့သွဲ့ဝင်းကတော့ အကောင်အထည်ဖော်ရေးကော်မတီ ရဲ့ ထုတ်ပြန်ချက်ဟာ ဒေသခံတွေ တကယ်ဖြစ်နေတာနဲ့ တခြားစီဖြစ်နေတယ်လို့   ပြောပါတယ်။

“သွေးထိုးလှုံဆော်သူတွေရှိတယ်လို့ သူတို့ဘက်က ဂဃနဏ ပြောနိုင်ရင် အဲဒီလူတွေ ရှိတာ သေချာပေါက် သိလိုရှိရင် အဲဒီလူတွေကို လာပြီး ဥပဒေအရ အရေးယူဖမ်းဆီးပြီးတော့ ထောင်ချပါလား။  အဲဒီလို အရေးယူဆောင်ရွက်ခြင်းလည်း မရှိဘဲနဲ့ သွေးထိုးလှုံ့ဆော်တယ် လှုံ့ဆော်တယ်နဲ့ ပါးစပ်ကပြောလို့ အရာမရောက်ဘူး။ ဥပဒေရှိရင် ဥပဒေအတိုင်း အရေးယူမှ”လို့ သူက ပြောပါတယ်။

ဂုဏ်သိက္ခာရှိတဲ့ ကော်မတီ ဖြစ်တယ်ဆိုရင် အခုလို ထုတ်ပြန်ချက်တွေ ထုတ်ပြန်စရာ မလိုဘူးလို့လည်း မသွဲ့သွဲ့ဝင်းက ပြောပါတယ်။

တပ်မတော်အစိုးရလက်ထက်က ဒီကြေးနီစီမံကိန်းကို  စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့က အကျိုးအမြတ်အများစု ရယူပြီး နိုင်ငံအတွက် အနည်းငယ်သာ ခံစားဖို့ ချုပ်ဆိုခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ စီမံကိန်းဖျက်သိမ်းရေးဆန်ဒပြပွဲကို  ဖြိုခွင်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်က အကျိုးအမြတ်ကို နိုင်ငံတော်က ၅၁ ရာခိုင်နှုန်း၊ ဦးပိုင်က ၁၉ ရာခိုင်နှုန်း၊ မြန်မာဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းခံစားဖို့အပါအ၀င် ကျယ်ပြန့်တဲ့ အကြံပြုချက်တွေကို တင်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013