DVB Logo
Home
မြန်မာသတင်း
မဒေါက်လယ်သမားများ တရားစွဲခံနေရ
DVB
·
January 6, 2015
မဒေါက်လယ်သမားများ တရားစွဲခံနေရ
Donate to DVB

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် မဒေါက်ကျေးရွာအုပ်စုထဲမှာ အင်းရေလျှံမှုကြောင့် တောင်သူလယ်သမား ၉ ဦးကို  အင်းသူကြီးက အကျိုးဖျက်ဆီးမှုနဲ့   တရားစွဲ ဆိုလိုက်ပါတယ်။

Farmတောင်သူတွေဟာ လယ်ထဲကို ၀င်လာတဲ့ရေတွေ ကျသွားအောင် ရေနုတ်မြောင်းကို ဖွင့်ချခဲ့တဲ့အပေါ် အင်းသူကြီးက မကျေနပ်လို့ ရဲစခန်းကို တိုင်တန်းခဲ့တာဖြစ်ပြီး ပုဒ်မ ၄၂၇  အကျိုးဖျက်ဆီးမှုနဲ့တရားစွဲခံနေရတာလို့ တရားစွဲခံ အင်းကပ်ပလိပ်ရွာက လယ်သမားတဦးက  ဒီဗွီဘီကို ပြောပါတယ်။

“ဒီကိစ္စ စဖြစ်တာကတော့ အရင်နှစ် နိုဝင်ဘာလထဲကပါ။ အဲဒီတုန်းက မိုးရွာတော့ ကျနော်တို့ တောင်သူ ၄၀ ကျော် ပိုင်တဲ့ လယ်မြေဧကပေါင်း ၆၀ ကျော်ထဲကို ရေတွေ ၀င်ပြီး အပင်တွေ ပျက်ကုန်တယ်။ စပါးတွေရော၊ ပဲပင်တွေရော၊ အဲဒါကြောင့် ကျနော်တို့က သက်ဆိုင်ရာကို တိုင်တန်းပြီး သူတို့ခွင့်ပြုချက်နဲ့ ရေနုတ်မြောင်းတွေကို  ဖောက်ချပါတယ်။ အဲဒါ အင်းသူကြီးက သူ့အင်းထဲရေ၀င်လို့ဆိုပြီး ကျနော်တို့ကို သူ့အကျိုးစီးပွားပျက်စီးမှုနဲ့ တရားစွဲတယ်။ မနေ့ကဘဲ ညောင်လေးပင်မြို့နယ်တရားရုံးမှာ စပြီးရင်ဆိုင် ရပါတယ်။ ကျနော်တို့က သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ လုပ်ပြီးမှ ခုလိုတရားစွဲခံရတာ မတရားဘူးလေဗျာ” လို့ပြောပါတယ်။

တရားစွဲခံထားရတဲ့ လယ်သမားတွေကိုတော့ လောလောဆယ် ကျပ် ၁ သိန်း ၆ သောင်းပေးဆောင်စေကာ  အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။

အခုလို တရားစွဲခံရတဲ့အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆည်မြောင်းအရာရှိဆီ လယ်သမားတွေဆီ သွားရောက်တင်ပြရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒါဟာ ပုဂ္ဂိုလ်ရေး တိုင်ကြားချက်သာဖြစ်ပြီး တရားဥပဒေအတိုင်း ရင်ဆိုင်သွားဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

တရားစွဲခံထားရတဲ့ လယ်သမားတွေကတော့ ရေလွှမ်းတဲ့ဒဏ်ကြောင့် စပါးနဲ့ပဲပင်တွေ ပျက်စီးခဲ့သလို အမှုပါရင်ဆိုင်နေရလို့  စိတ်အနှောင့်အယှက်ဖြစ်နေရတယ်လို့ ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အင်းသူကြီး ဦးလှမြင့်ကိုတော့ ဒီဗွီဘီက ဆက်သွယ်လို့ မရသေးပါဘူး။

ဥပဒေပုဒ်မ ၄၂၇ နဲ့ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင်တော့ ၂ နှစ်ထိ  ထောင်ဒဏ် ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013