DVB Logo
Home
ဆောင်းပါး
စီအိုစီကို ရိုက်ချိုးခြင်း
DVB
·
March 22, 2026
Design: DVB
Design: DVB
Donate to DVB

စစ်တပ်တခုမှာ COC (Chain of Command) မြန်မာလိုပြန်ရင် ဆင့်ကဲအမိန့်နာခံမှုစနစ်လို့ ဆိုရပါမယ်၊ အဲဒီ စီအိုစီဟာ စစ်တပ်တခုအတွက်တော့ အရေးကြီးပါတယ်။ စစ်တပ်ရဲ့ ဘယ် သို့မဟုတ် ညာကို ချီတက်မယ်၊ ရှေ့ သို့မဟုတ် နောက်ကို ချီတက်မယ်၊ ဘယ်နေရာမှာ စစ်နားမယ်၊ ဘယ်နေရာမှာ တိုက်မယ် အစရှိတဲ့အမိန့်တွေကို တသမတ်တည်း ဖြစ်ဖို့ စီအိုစီ ကသာ ဆောင်ရွက်နိုင်မှာပါ။

စီအိုစီကို တပ်မှူးက ဦးဆောင်ရပါတယ်။ အမိန့်နာခံမှုအတွက် ကောင်းကောင်းလေ့ကျင့်ထားတဲ့ စစ်တပ်ဟာ တပ်မှူးရဲ့ အမိန့်ပေးမှုအောက်မှာ ညီညီညွတ်ညွတ် စစ်ရေးရည်မှန်းချက်ကို အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ တပ်မှူးတွေကတော့ စစ်သူကြီးရဲ့ အမိန့်ကို နာခံပြီး စစ်သူကြီးကတော့ အရင်ကဆို ဘုရင်၊ အခုခေတ်ဆိုရင်တော့ နိုင်ငံရေး ဦးဆောင်အဖွဲ့ (အစိုးရလည်းဖြစ်နိုင်ပါတယ်) ရဲ့ အမိန့်ကို နာခံရမှာဖြစ်ပါတယ်။ ဒါဟာ တပ်တတပ် အတွက်ပဲ ဖြစ်ပါတယ်။ 

ပြောက်ကျားစစ်မဟာဗျူဟာ တရပ်လုံးအတွက်တော့ ဒီသဘောတရားနဲ့ အနည်းငယ် သွေဖည်နေပါလိမ့်မယ်။ ဒါကိုနားလည်မှ ပြောက်ကျားစစ်မှာ အနိုင်တိုက် နိုင်ပါလိမ့်မယ်။  မြန်မာပြည်  ပြည်တွင်းစစ်မှာ စီအိုစီ အားအကောင်းဆုံးက မအလရဲ့ ဖက်ဆစ် စစ်တပ်ပဲ ဖြစ်ပါတယ်။ အဲဒီ စီအိုစီ အားကောင်းဖို့အတွက် ဒေါက်တိုင်တွေဖြစ်တဲ့ လစာ၊ အကျိုးခံစားခွင့်နဲ့ အကြောက်တရားကို သွတ်သွင်းပြီး ချုပ်နှောင်၊ ထိန်းမတ်ထားတာပါ။  ဒါကြောင့် မအလ ဖက်ဆစ်စစ်တပ်ကို စစ်နိုင်အောင်တိုက်ဖို့ ဆိုရာမှာ သူတို့ရဲ့ အားကောင်းတဲ့ စီအိုစီကို ရိုက်ချိုးဖို့ မဖြစ်မနေ  လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ 

မိမိတို့ တော်လှန်ရေးအင်အားစုတွေဘက်မှာ စတင်စုဖွဲ့စဉ်ကတည်းက လစာနဲ့ အကျိုးခံစားခွင့်ဆိုတာတွေနဲ့ ချုပ်နှောင်ထားတာ မရှိပါဘူး။ အဲဒါတွေအစား စစ်အုပ်စုကို အမြစ်ဖြတ်မှရမယ်ဆိုတဲ့ အသိတရား၊ ဘဝတွေ အသက်တွေရဲ့ ရေရှည်တည်တံ့ အေးချမ်းဖို့အတွက်  လက်နက်နဲ့ တော်လှန်မှရမယ်ဆိုတဲ့ ဘဝပေး အသိတရားတွေက ဒီတော်လှန်ရေးကို တွယ်ချိတ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြောက်ကျားစစ် ဆင်နွှဲနေသူတွေ အတွင်းမှာ နေရာဒေသ (Localities ) အရသော်လည်းကောင်း၊  မိမိတို့ စွဲကိုင်ထားတဲ့အယူဝါဒ  (Ideology) အရသော်လည်းကောင်း၊ လူမျိုး (Ethnicity) အရသော်လည်းကောင်း၊ အတွေ့အကြုံနဲ့ သက်တမ်းအရသော်လည်းကောင်း ကွဲပြားမှုတွေ အများအပြား ရှိနေပါတယ်။ ဒီလိုကွဲပြားမှုတွေကို ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းမှသည် ကျော်ကိုကိုအဆုံး ဖြေရှင်းဖို့  ညီညွတ်ရေးရဖို့  ကြိုးစားခဲ့၊ ကြိုးစားနေ ကြတာ နှစ်ပေါင်း ၈၀ ပြည့်ဖို့ ၂ နှစ်သာ လိုပါတော့တယ်။ နှစ်ပေါင်း ၈၀ လောက် လုပ်ဆောင်ခဲ့ကြပြီးတဲ့အခါမှာ ဒီကနေ့ ကျနော်တို့ ညီညွတ်နေကြပြီလား။ အဖြေကတော့  “NO“ ပါ။

ဒါကြောင့်မို့ ညီညွတ်ရေး တည်ဆောက်ခြင်းလုပ်ငန်းစဉ်ကြီးဟာ ရေအလျဉ်ကဲ့သို့ အမြဲတမ်းစီးဆင်းနေအောင် လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်  ဖြစ်သလို၊ တနေ့ တရက် တမနက်တည်းနဲ့ ပြီးသွားအောင်လုပ် ဖို့ မဖြစ်နိုင်ပါဘူး။ စစ်အုပ်စုကို နိုင်အောင်တိုက်ဖို့  ညီညွတ် ရမယ်ဆိုပေမဲ့၊ ညီညွတ်မှ တိုက်မယ်ဆိုရင်တော့ မူအရ မှားနေပြီလို့ပဲ ဆိုရပါမယ်။ ညီညွတ်တာကို ထိုင်စောင့်မနေဘဲ ညီညွတ်ရေးတည်ဆောက်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်နေတဲ့ ရေအလျဉ်ပေါ်မှာ လိုက်ပါရင်း လုပ်ဆောင်စရာတွေ အများကြီးရှိပါတယ်။ အဲဒီလုပ်ဆောင်စရာတွေထဲမှာ ဘုံရန်သူကို တိုက်ခိုက်ဖို့ ရန်သူကလွဲလို့ တခြား အင်အားစုတွေ ကြားမှာ မိတ်ဖက် ပဋိပက္ခအသွင်နဲ့ ဖြေရှင်းတဲ့မူဝါဒချမှတ်ပြီး လက်တွေ့ကျင့်သုံးဖို့၊ တဖွဲ့တည်းရဲ့ စီအိုစီ အောက်ကို အတင်းအကျပ်သွတ်သွင်းမဲ့အစား၊ ကွဲပြားတဲ့ အုပ်စုအသီးသီးနဲ့ လက်တွဲပြီး နိုင်ငံရေး ဘုံလိုအပ်ချက်အပေါ် ဟန်ချက်ညီတဲ့ စစ်ရေးဆောင်ရွက်ချက်၊ (Syncronised war actions) တွေကို ဒေသအသီးသီးမှာ ဖော်ဆောင်ဖို့ တော်လှန်ရေးအဖွဲ့အချင်းချင်း ညီညွတ်ရေး တည်ဆောက်ရင်း တပြိုင်နက် ပြည်သူလူထုကိုပါ စည်းရုံး ပြီး မိမိတို့ စစ်ရေးရည်မှန်းချက်တွေကို အတူတကွ အားပေးကူညီလာအောင် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ရန်သူနဲ့  သူ့ကို ထောက် ပံ့နေတဲ့ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး ပစ်မှတ်တွေကို ဟန်ချက်ညီညီ တိုက်ခိုက်ဖို့ လိုပါတယ်။ ဒါမှ အားကောင်းတဲ့ စစ်မိစ္ဆာတွေရဲ့ စီအိုစီကို ရိုက်ချိုးနိုင်မှာပါ၊ 

တော်လှန်ရေး တလျှောက်လုံးကို သုံးသပ်ရင် တော်လှန်ပြောက်ကျားတွေဘက်က အသာစီးရနေပါတယ်။ အခုလို အသာစီးရအောင် ဆောင်ရွက်ရာမှာ စီအိုစီတခုတည်းအောက်မှာ လုပ်ဆောင်ခဲ့လို့ ရခဲ့တာမဟုတ်ပါဘူး။ မိမိတို့ရှိတဲ့ ဒေသအသီးသီးမှာရှိနေတဲ့ ရန်သူကို တပြိုင်နက် ဟန်ချက်ညီညီ တိုက်ခဲ့ကြလို့ အနိုင်ရနေခဲ့ကြတာပါ။ အဆိုပါ အသာစီးကို ဆက်လက်ထိန်းသိမ်းဖို့ တရုတ်ပြည်တော်လှန်ရေး လက်တွေ့ကနေ  မော်စီတုန်း ပြောခဲ့တဲ့ “အမာရှောင်၊ အမွတိုက်” ပြောက်ကျား စစ်နည်းဗျူဟာ (Guerrilla Warfare) ကို ထိထိရောက်ရောက်ကျင့်သုံးဖို့ တိုက်တွန်း လိုပါတယ်။ သူ့ရဲ့ကျော်ကြားတဲ့ ဒီနည်းဗျူဟာကို အနည်းငယ် ဖော်ပြလိုပါတယ်။ 

၁။ အမာရှောင် (Avoid the strong)

•    ရန်သူတပ်၏ အင်အားကြီးသောနေရာ၊ အချိန်၊ တပ်ဖွဲ့ကို တိုက်မရ။

•    မော်စီတုန်းက “ရန်သူအင်အားကြီးရာကိုရှောင်ပြီး အင်အားနည်းရာကို တိုက်” ဟုဆိုသည်။

•    တပ်မတော်ကြီးများနှင့် မျက်နှာချင်းဆိုင်တိုက်ပွဲကို ရှောင်သည်။

၂။ အမွတိုက် (Strike the weak)

•    ရန်သူ၏ အားနည်းသောနေရာများကို ရွေးပြီး တိုက်ခိုက်သည်။

•    ဥပမာ

o    ရန်သူ၏ supply လမ်းကြောင်း

o    စခန်းငယ်များ

o    သီးခြားကျန်နေသောတပ်ဖွဲ့များ

၃။ လှုပ်ရှားမှုမြန်ဆန်ခြင်း

•    တိုက်ပြီး အမြန်ပြန်ဆုတ်။

•    တည်နေရာတခုမှာ အချိန်ကြာကြာ မနေရ။

၄။ လူထုအပေါ် မူတည်ခြင်း

•    မော်စီတုန်း၏ အမွတိုက်စစ်တွင် လူထုအထောက်အပံ့ အလွန်အရေးကြီးသည်။

သူက ထင်ရှားသော ဥပမာတခုဖြင့် ပြောခဲ့ပါသည် —

“Guerrilla fighters are like fish, and the people are the water.”

အထက်ပါ နည်းဗျူဟာကို လူထုထောက်ခံမှု မရှိလျှင် အသုံးမပြုနိုင်ပါ၊ လူထုဟာ ရေဖြစ်ပြီး ပြောက်ကျားတွေဟာ ငါးဖြစ်တဲ့အတွက် ရေမရှိရင် ငါးလည်းမရှိနိုင် ဆိုတဲ့ တန်ပြန်ဗျူဟာအရ စစ်အုပ်စုက လူထုနေထိုင်တဲ့ မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

ကျနော်တို့ စီအိုစီ တခုတည်းအောက်မှာရှိဖို့ လုပ်ဆောင်တာဟာ ပြောက်ကျားစစ် မဟာဗျူဟာနဲ့ သဟဇာတမဖြစ်ပါဘူး။ ပြောက်ကျားတွေဟေ ဒေသအသီးသီးမှာ လူမျိုးအလိုက်၊ အယူဝါဒအလိုက်၊ ဒေသအလိုက် အမျိုးမျိုးတည်ရှိနေကြတာပါ။ ဒါတွေအားလုံးကို ညီညွတ်ဖို့ အနှစ် ၈၀ နီးပါး မြန်မာ့လူ့အဖွဲ့အစည်းက ဆောင်ရွက်ခဲ့ပြီးပါပြီ။ လက်ရှိမှာ စီအိုစီတခုတည်း အောက်ကို ရောက်လာဖို့ဆိုတာ စိတ်ကူးယဉ် သက်သက်သာဖြစ်ပြီး တော်လှန်ရေးတစုံလုံးရဲ့ အောင်မြင်နေတဲ့ ဟန်ချက်ညီနေတဲ့ အရှိန်အဟုန်ကို နှောင့်နှေးသွားစေမှာဖြစ်ပါတယ်။ ဒါကို အတင်းအကျပ် ဆောင်ရွက်ရင် ပြောက်ကျားအဖွဲ့တွေအကြား၊ သဘောထားကွဲလွဲမှုသာ အဖတ်တင်ပါလိမ့်မယ်။ 

ကျနော်တို့ နှစ် ၈၀ လုံး ကြိုးစားပြီပြီ၊ ဘာလို့ မဖြစ်လာတာလဲ ဆိုတာကို သုံးသပ်ရရင်၊ အကျိုးစီးပွားတွေ မတူကြလို့ ဖြစ်ပါတယ်။ ကချင်က ကချင်အကျိုးစီးပွား၊ ကရင်က ကရင်အကျိုးစီးပွား၊ ရခိုင်က ရခိုင် အကျိုးစီးပွားကိုသာ ရှေ့တန်းတင်မှာ မလွဲသလို သမိုင်းမှာ ဗမာကလည်း ဗမာ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ပြီး စစ်အုပ်စုက ဖိနှိပ်အုပ်ချုပ်ခဲ့ပါတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ မိမိအကျိုးစီးပွားကို စတေးပြီး အလံတခုတည်းရဲ့အောက်မှာ ပါဝင်လာမှာ မဟုတ်ပါ။ အဲဒီအကျိုးစီးပွားဆိုတာမှာ မျက်မြင် ရုပ်ဝတ္ထုပစ္စည်းတွေအပြင်၊ ယဉ်ကျေးမှု၊ ဘာသာကိုးကွယ်မှု၊ ဒေသဆိုင်ရာ သီးခြားလက္ခဏာတွေ (Local Identities) လည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒါတွေကို ညှိယူနိုင်ဖို့က ဖယ်ဒရယ်လွှတ်တော်ကြီးပေါ်ပေါက်မှသာ လွှတ်တော်ထဲမှာ ဆွေးနွေးညှိနိူင်း အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။ အခုလို ပြောက်ကျားစစ်ကာလ အခင်းအကျင်းမှာ မဖြစ်နိုင်ပါဘူး။ 

စစ်အုပ်စုရဲ့ အားကောင်းတဲ့ စီအိုစီကို ရိုက်ချိုးဖို့အတွက် နောက်ထပ်အားကောင်းတဲ့ စီအိုစီ တခု တည်ဆောက်နေမယ်ဆို မဖြစ်နိုင်သေးသလို အချိန်လည်း မရှိပါဘူး။ ပင်မစီအိုစီကို တိုက်ရိုက် ရိုက်ချိုးတာမျိုးမဟုတ်ဘဲ အဘက်ဘက်က တစစီ ချိုးဖဲ့တာမျိုး အားဖြင့် စစ်အုပ်စုရဲ့ အားကောင်းတဲ့ စီအိုစီ ပြိုလဲအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အခုလို ဆောင်ရွက်ရာမှာ ဟန်ချက်ညီဖို့က အရေးကြီးပါတယ်။ ဟန်ချက်ညီဖို့ ဆောင်ရွက်ရာမှာ အချင်းချင်းဆက်သွယ်မှု (Engagement) အားကောင်းစေဖို့လည်း အဓိကလုပ်ဆောင်ဖို့လို ပါတယ်။ လက်ရှိ EAO တွေ နဲ့ Local PDF တွေမှာ တပ် တတပ် ချင်းစီအလိုက် စီအိုစီ အားကောင်းပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ချိတ်ဆက်မှု ပိုအားကောင်းလာဖို့ ဆောင်ရွက်ရမှာပါ။ 

အားလုံးကိုခြုံငုံပြီး နိဂုံးချုပ်ရရင် အားကောင်းတဲ့ စီအိုစီ တခုကို ရိုက်ချိုးဖို့ အားကောင်းတဲ့ စီအိုစီ တခုကို အတင်းအကျပ်တည်ဆောက်ရင်းနဲ့ အချိန်ကုန်မနေဘဲ ဟန်ချက်ညီချိတ်ဆက်မှုကိုသာ အားကောင်းအောင် လုပ်ဆောင်ခြင်း၊ အမာရှောင် အမွတိုက် နည်းဗျူဟာကို ကျင့်သုံးပြီး အောင်ပွဲတွေ ရယူရင်းနဲ့ ရန်သူနဲ့ အင်အားချင်း ဆတူဖြစ်လာပြီဆိုရင်၊ ဖက်ဒရယ်လွှတ်တော်က ဖွဲ့ စည်းတဲ့ ဖက်ဒရယ် အစိုးရတရပ်အောက်မှာ အမြဲတမ်းစစ်တပ် (Regular Army)၊ ပုံမှန် အခြေချစစ်တပ် (Standard Army) အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး တော်လှန်ရေးကို အဆုံးသတ်ဖို့ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ 

အေးမင်း(တာမွေ) 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013