
ခွင့်ပြုချက်မရှိဘဲ Miss Grand Myanmar အလှမယ်ပြိုင်ပွဲကျင်းပခဲ့တဲ့ ရန်ကုန်မြို့ရှိ Eravati Sule Yangon ဟိုတယ်ကို ၆ လ ယာယီပိတ်လိုက်တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
ပြိုင်ပွဲကျင်းပဖို့ ခွင့်ပြုချက်တင်ထားတုန်းမှာ ပွဲလုပ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင် တယောက်ရဲ့ မယ်သီလရှင် ဝတ်စုံကြောင့် အခုလိုဖြစ်ရတာလို့ သိရပါတယ်။
စစ်အာဏာရှင်ရဲ့ ရဲအရာရှိတယောက်က “သူက ခွင့်ပြုချက်မရှိဘဲ ပြိုင်ပွဲကိုလုပ်လို့ အရေးယူ လိုက်တာ။ သူ့ကို ကျတော့ စီမံခန့်ခွဲရေးပြစ်ဒဏ် ပေးလိုက်တာပေါ့။ အဓိက ဝတ်စုံကြောင့် ပြဿနာ တတ်သွားတာ။ ဝတ်စုံသာ ပြဿနာ မရှိကြည့် ပွဲကို ဆက်လုပ်နေမှာ။ ဘာသံမှ ထွက်လိုက်မှာ မဟုတ်ဘူး။ ဥပဒေကြောင်းရ အရေးယူလို့ ရလားဆိုတော့ အရေးယူလို့ ရပါတယ်” လို့ ပြောပါတယ်။
Miss Grand Myanmar ပြိုင်ပွဲကို မေ ၄ ရက်က ကျင်းပခဲ့တာဖြစ်ပြီး တာချီလိတ်မြို့ကိုယ်စားပြု အလှမယ်က National Costume Competition မှာ ဗုဒ္ဓဘာသာဝင် မိန်းမပျို တယောက်ရဲ့ နားသ အလှူတော်မင်္ဂလာလုပ်တဲ့ ရိုးရာဓလေ့ကို အခြေခံပြီး အသွင်ယူ ဖန်တီးထားတဲ့ ဝတ်စုံနဲ့ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပြီးနောက် သီလရှင် ပုံစံပြောင်းကာ သီလရှင် ဝတ်စုံနဲ့ ထပ်မံ ပုံဖော်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဒီပွဲနဲ့ ပတ်သက်ပြီး စိစစ်ဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ပေးဖို့ သာသနာရေး ဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားထားတယ်လို့ သိရပါတယ်။
လတ်တလောမှာ ကျောက်တံတားမြို့မရဲစခန်းမှာ ပွဲစီစဥ်သူ မရမ်ဆိုင်းနော်နဲ့ ပွဲဖြစ်မြောက်ရေး တာဝန်ခံ မရမ်လုလုအောင်တို့ကို ပုဒ်မ ၂၆၊ ပုဒ်မ ၂၉၅ (က)၊ တာချီလိတ် အလှမယ် အိမွန်လွင်နဲ့ City Director သန့်ဇင်ဦးတို့ကို ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) အမှုဖွင့်ထားပါတယ်။
အလှမယ် အိမွန်လွင်ကို မြန်မာပြည် လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင် ပြုရာ ရောက်တာစတဲ့ ပြိုင်ပွဲစည်းကမ်းချိုးဖောက်တာကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်ထားပါတယ်။
ပြိုင်ပွဲကို လတ်တလော အခြေအနေတွေကြောင့် အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ Miss Grand Myanmar က သတင်းထုတ်ပြန်ထားပါတယ်။










