
ဂါဇာအကူအညီပေးရေး ရေယာဉ်အုပ်စုနဲ့ လိုက်ပါလာတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး ထိန်းသိမ်းပြီးနောက် လှောင်ပြောင်ခဲ့တဲ့ အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်-ဂျီဗီယာ ကို အနောက်နိုင်ငံကြီးတွေက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ဒီရေယာဉ်အုပ်စုကို မေ ၂၀ ရက်က နိုင်ငံတကာရေပိုင်နက်မှာ အစ္စရေးရေတပ်က တားဆီးခဲ့ပြီး လိုက်ပါလာသူ ၄၀၀ ကျော်ကို အစ္စရေးဆီ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ဖမ်းဆီးထားသူတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေတဲ့ ဗီဒီယိုကို ဘန်-ဂျီဗီယာ ကိုယ်တိုင် အွန်လိုင်းမှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုကြောင့် ဥရောပနိုင်ငံတွေက အစ္စရေးသံအမတ်တွေကို ခေါ်ယူပြီး ပြစ်တင်ခဲ့ကြပါတယ်။
အီတလီက တောင်းပန်ဖို့ တောင်းဆိုခဲ့သလို စပိန်၊ ပြင်သစ်၊ ဗြိတိန်နဲ့ ပိုလန်တို့ကလည်း ပြင်းပြင်း ထန်ထန် ရှုတ်ချခဲ့ပါတယ်။
အမေရိကန်သံအမတ် မိုက်ဟတ်ကာဘီကလည်း ဘန်-ဂျီဗီယာဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို သစ္စာဖောက်တာပဲလို့ ဝေဖန်ခဲ့သလို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကိုယ်တိုင်က လည်း ပြစ်တင်ထားပါတယ်။
အထိန်းသိမ်းခံထားရချိန်မှာ ကိုယ်ထိလက်ရောက် ထိုးနှက်ခံခဲ့ရတယ်လို့ အီတလီ တက်ကြွ လှုပ်ရှားသူ ၂ ယောက်က ပြောပါတယ်။
လျှပ်စစ်ရှော့တိုက်တာ၊ ရိုက်နှက်တာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ရှိခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပေမဲ့ အစ္စရေးအကျဉ်းဦးစီးဌာနကတော့ ငြင်းဆိုထားပါတယ်။ ဖမ်းဆီးခံရသူအားလုံးကို မေ ၂၁ ရက်မှာတော့ သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်ပို့ပေးခဲ့ပါတယ်။
အခုလို တက်ကြွလှုပ်ရှားသူတွေကို လှောင်ပြောင်တဲ့ လုပ်ရပ်ဟာ မကြာခင်ကျင်းပမဲ့ အစ္စရေး ရွေးကောက်ပွဲ မတိုင်ခင် လူထုအာရုံစိုက်မှုရအောင် လုပ်ဆောင်တာလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
Source: Reuters











