DVB Logo
Home
မြန်မာသတင်း
သမ္မတ၊ ကာချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေး
DVB
·
January 5, 2015
သမ္မတ၊ ကာချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေး
1 / 2
Donate to DVB

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ဇန်န၀ါရီလ ၅ ရက် မနက်က သီးခြားစီ တွေ့ဆုံပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးကြပါတယ်။

10911481_991973627484323_1860407300916636028_oတိုင်းရင်းသားလက်နက်ကိုင်အင်အားစုအားလုံးကို ဖိတ်ကြားစီစဉ်တဲ့ ဒီဆွေးနွေးပွဲဟာ စစ်ကောင်စီလက်ထက်ကနေ ၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံအကြီးအကဲ၊ တပ်မတော်ဦးစီးချုပ်တို့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံကြတဲ့ ပွဲလည်းဖြစ်ပြီး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို လူချင်းတွေ့ဆုံဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက လာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ တပြည်လုံး အပစ်ခတ်ရပ် လက်မှတ်ရေးထိုးလိုကြောင်း၊ နှစ်ဘက်ညှိနှိုင်းဖို့ အချက်အနည်းငယ်သာ ကျန်ရှိတော့တဲ့အတွက် အချိန်မီညှိနှိုင်းနိုင်ရင် သဘောတူစာချုပ် လက်မှတ်ထိုးနိုင်မယ့်အကြောင်း တင်ပြပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေက နိုင်ငံရေးဆွေးနွေးပွဲကျင်းပပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို တင်ပြခွင့် ရခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

“ကျနော်တို့ဘက်က အဓိကတင်ပြခဲ့တာတော့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပေါ့ အဲဒါတွေကို တရားဝင်တင်ပြခဲ့ရပါတယ်။ နောက် ကျနော်တို့ သီးခြား စာတစောင်ပေးပို့ခဲ့သေးတယ်။ ဘာအကြောင်းလဲဆိုတာတော့ ခုနေ ပြောပြလို့ မရသေးဘူးဗျ။”

အလားတူ မွန်ပြည်သစ်ပါတီကိုယ်စားလှယ် နိုင်ဟံသာဗွန်ခိုင်ကလည်း တိုင်းရင်းသားတွေ ဘက်က လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်နိုင်ဖို့ သမ္မတနဲ့ တပ်မတော် အကြီးအကဲကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့တိုင်းရင်းသားတွေ အမှန်တကယ်လိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ဖို့၊ အပစ်ခတ်လက်မှတ်ရေးထိုးပွဲကနေ နိုင်ငံရေးဆွေးနွေးပွဲ စသဖြင့် အဆင့်ဆင့် ဖော်ဆောင်သွားနိုင်အောင် သမ္မတကြီးရော၊ ကာကွယ်ရေးဦးစီးချုပ်ရော အားသွန်ခွန်စိုက် ကြိုးစားပြီးတော့ ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ပါတယ်။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ဥက္ကဋ္ဌ ရဲဘော်သံခဲကတော့ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ မလွဲမသွေဖြေရှင်းပေး ရမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး အဓိက တင်ပြခဲ့ပါတယ်။

သူက “ပထမအချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်၊ ဒုတိယက တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေး ကိစ္စ၊ တတိယအချက်အနေနဲ့ ပြည်သူလူထုကြားမှာ ဖြစ်ပျက်နေတဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေရဲ့ အထွေထွေကြပ်တည်းမှု၊ လှုပ်ရှားမှုတွေ ဖြေရှင်းရမယ့်ကိစ္စ ဒီ ၃ ရပ်ကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းပေးနိုင်မှသာ ၂၀၁၅ ဟာ ချောမွေ့ပြီးတော့ ကျနော်တို့အားလုံး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား နိုင်မယ့်အကြောင်း တင်ပြခဲ့ပါတယ်။”

သမ္မတ ဦးသိန်းစိန်ကတော့ တိုင်းရင်းသားအဖွဲ့တွေရဲ့ တင်ပြချက်တွေနဲ့ အစိုးရသဘောထား အင်မတန်နီးစပ်ပါကြောင်း၊ တနိုင်ငံလုံး အပစ်ရပ်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးကို သူ့အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားနေပြီး သူ့တာဝန်ယူထားရတဲ့ သမ္မတသက်တမ်းမကုန်ခင် အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန်ချထားကြောင်း ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ဖြစ်နိုင်ရင်အကောင်းဆုံးဘဲလို့ ပြောကြားကြောင်း ရဲဘော်သံခဲက ဆက်ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းပြည်တည်ငြိမ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းဖို့နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တပ်မတော်အနေနဲ့ မှန်မှန်ကန်ကန် ဥပဒေဘောင်တွင်းက ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုပြီး တပ်မတော်ရဲ့ မူ ၆ ချက်ကိုပါ ထပ်မံရှင်းပြခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သမ္မတနဲ့ မနက် ၉ နာရီကနေ ၁၁ နာရီခွဲထိ MICC II ခန်းမမှာ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့တော့ မွန်းတည့် ၁၂ ကနေ မွန်းလွဲ ၁ နာရီခွဲထိ ဘုရင့်နောင်ခန်းမမှာ တွေ့ ဆုံခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ကတော့ တစ်နိုင်ငံလုံးအပစ်အခက်ရပ်ဆဲရေး သဘောတူစာချုပ်အပြီးသတ် လက်မှတ်ထိုးနိုင်ဖို့ အတွက် ကျန်နေတဲ့ အချက် ၈ ချက်ကို နှစ်ဖက်ခေါင်းဆောင်တွေကို ပြန်တင်ပြထားလို့ နှစ်ဘက်သဘောတူ မကြာခင်ကာလတစ်ခုမှာ သဘောတူစာချုပ်လက်မှတ်ထိုးနိုင်အောင် ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဗိုလ်ရှုသဘင်ပွဲနဲ့ နိုင်ငံတော်အကြီးအကဲများနဲ့ တွေ့ဆုံဖို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၆ ဖွဲ့ကို ဖိတ်ကြားထားခဲ့ပေမယ့် ၁၂ ဖွဲ့ သာ တက်ရောက်လာပြီး ကျန်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(ကေအန်ပီပီ)၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ)တို့ တက်ရောက်လာခြင်း မရှိကြပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013