
ဥရောပနိုင်ငံ ၈ နိုင်ငံက စူပါမားကတ်တွေရဲ့ ရေခဲသေတ္တာနဲ့ အအေးခန်းစနစ်တွေ ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရသလို ပြင်သစ်နိုင်ငံက ဒေသဆိုင်ရာ သွေးဘဏ် ၃ ခုရဲ့ အအေးခန်းစနစ်တွေပါ တိုက်ခိုက်ခံခဲ့ရပါတယ်။
ပြင်သစ်သွေးဘဏ်တွေဟာ နိုဝင်ဘာ ၁ ရက် ညပိုင်းက တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အအေးခန်းတွေရဲ့ အပူချိန်စောင့်ကြည့်ရေးနဲ့ ထိန်းချုပ်ရေးစနစ်တချို့ ထိခိုက်ခဲ့တယ်လို့ ပြင်သစ်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ နိုဝင်ဘာ ၂ ရက်အထိ ကြာမြင့်ခဲ့ပေမဲ့ သွေးထောက်ပံ့မှုကိုတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ ပြင်သစ်သွေးဌာနက ပြောပါတယ်။
တချိန်တည်းမှာ ဆွီဒင်၊ ဘယ်လ်ဂျီယံအပါအဝင် ဥရောပနိုင်ငံ ၈ နိုင်ငံက စူပါမားကတ်တွေရဲ့ အအေးခန်းအပူချိန်တွေကို ဟက်ကာတွေက အဝေးကနေ ပြောင်းလဲခဲ့ကြတာပါ။
ဒီတိုက်ခိုက်မှုကြောင့် အအေးခန်းထဲက အစားအသောက်အများအပြားကို စွန့်ပစ်ခဲ့ရပြီး ပြင်သစ်မှာ လွန်ခဲ့တဲ့ ၃ ပတ်ကလည်း အလားတူတိုက်ခိုက်မှုကြောင့် အအေးခန်းစနစ်တွေ မီးလောင်တာနဲ့ အစားအသောက်တွေ ပျက်စီးတာတွေ ဖြစ်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံက ဆိုက်ဘာလုံခြုံရေးသုတေသီတယောက်ကတော့ အအေးခန်းထိန်းချုပ်ရေး စနစ်တွေကို အများသုံးအင်တာနက်ကနေ ဝင်ရောက်နိုင်အောင်ထားတာနဲ့ ခန့်မှန်းရလွယ်တဲ့ မူလစကားဝှက် (default passwords) တွေ အသုံးပြုထားတာကြောင့် ဟက်ကာတွေ ဝင်ရောက်နိုင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
"အဓိကအားနည်းချက်က ဒီစက်ပစ္စည်းတွေကို အများသုံးအင်တာနက်ပေါ် တင်ထားတာပါ၊ တကယ်တော့ အဲဒီမှာ လုံးဝမရှိသင့်ပါဘူး" လို့ သုတေသီက ပြောပါတယ်။
အခုအခါ AI နည်းပညာကြောင့် ကျွမ်းကျင်မှုနည်းတဲ့သူတွေတောင် ဒီလို ဆိုက်ဘာတိုက်ခိုက်မှုတွေ ကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့ စူပါမားကတ်တွေကတော့ အအေးခန်းစနစ်တွေကို အင်တာနက်ကနေ ဖြတ်တောက်ထားပြီး လုံခြုံရေးကုမ္ပဏီတွေနဲ့ ပူးပေါင်းဖြေရှင်းနေကြပါတယ်။
ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနကတော့ နိုဝင်ဘာ ၄ ရက်မှာ အခြေအနေကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းပြောထားပြီး တိုက်ခိုက်မှု ဘယ်လိုဖြစ်ပွားခဲ့သလဲဆိုတာနဲ့ ဘယ်စက်ပစ္စည်းတွေ ထိခိုက် ခဲ့သလဲဆိုတာကို ဆက်လက်စုံစမ်းနေပါတယ်။
Source: Reuters











