DVB Logo
Home
မြန်မာသတင်း
ဖူးကက်တွင် တရားမဝင် တရုတ်နှင့် မြန်မာလုပ်သား ၈၀ နီးပါး ဖမ်းဆီးခံရ
DVB
·
June 23, 2026
Photo: Khaosod
Photo: Khaosod
Donate to DVB

ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ တရုတ်နဲ့ မြန်မာနိုင်ငံသား အယောက် ၈၀ နီးပါး ဖမ်းဆီးရမိတဲ့နောက် ထိုင်းအလုပ်သမားဝန်ကြီးက တရားမဝင်အလုပ်သမား ဖမ်းဆီးရေး၊ အမည်ခံ စီးပွားရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ကြပ်မတ်စစ်ဆေးဖို့ ညွှန်ကြားလိုက်ပါတယ်။ 

ထိုင်းအလုပ်သမားဝန်ကြီး နိုင်းကျူလာဖန်း အမွန်ဝိဝပ်က “ဝန်ကြီးဌာနအနေနဲ့  နိုင်ငံခြားသား အလုပ်သမားတွေကို စီမံခန့်ခွဲပြီး တရားမဝင် နိုင်ငံထဲ ဝင်ရောက်လာသူတွေ၊ တရားမဝင် အလုပ်လုပ်ကိုင်သူတွေနဲ့ ဥပဒေချိုးဖောက်တဲ့ အလုပ်ရှင်တွေ၊ လုပ်ငန်းခွင်တွေကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမယ်ဆိုတာကို အ‌လေးအနက် ပြောကြားလိုတယ်။ အလုပ်သမား ရှာဖွေခန့်ထားရေးဌာနကိုလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံခြားသားအလုပ်သမားတွေရဲ့ အလုပ်အကိုင်တွေကို တင်းတင်းကျပ်ကျပ် ဆက်တိုက်စစ်ဆေးသွားဖို့ ညွှန်ကြားထားတယ်“  လို့  ဇွန် ၂၂ ရက်နေ့ မှာ ထုတ်ပြန်ပြောကြားပါတယ်။ 

အလုပ်အကိုင်ရှာဖွေခန့်ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းဆုမ်ချိုင်း မော်ရကွတ် ဆီဝမ်း ကလည်း တနိုင်ငံလုံးရှိ တရားမဝင်အလုပ် ဝင်ရောက်လုပ်ကိုင်သူတွေ၊ ဥပဒေကခွင့်မပြုတဲ့ အလုပ်မှာ ဝင်လုပ်နေသူတွေကို ဒေသတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး စဉ်ဆက်မပြတ် ပူးပေါင်စစ်ဆေးနှိမ်နင်းသွားဖို့ သူတို့ဌာနအနေနဲ့ ဗဟိုအလုပ်သမားမှတ်ပုံတင်ဌာန၊ အလုပ်သမားကာ ကွယ်စောင့်ရှောက်ရေးဌာန၊ ဘန်ကောက်ခရိုင်တွင်းရှိ အလုပ်သမားရုံး နယ်မြေ ၁ မှ ၁၀  ထိကိုရော ခရိုင်အသီးသီးရှိ အလုပ်သမားရုံးအားလုံးကို ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၇ နဲ့ ၁၈ နေ့ရက်တွေအတွင်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖူးကက်ခရိုင်ထဲမှာ တရားမဝင်အလုပ်သမား စစ်ဆေးနှိမ်နင်းရေးတွေ ဆောင်ရွက်တာမှာ ဖူးကက်မြို့လယ်ကောင် ကုန်တိုက်ကြီးထဲကနေ ခွင့်ပြုချက်မရှိဘဲ ဈေး‌ရောင်းနေတဲ့ တောင်ဆူဒန်နိုင်ငံသားတယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ 

ဒါ့အပြင် ဖူးကက်ခရိုင် ထလန်မြို့ ချိန်းထလေးရပ်ကွက်ရှိ လွန်စွာကြီးမားသော ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဝင်ရောက်စစ်ဆေးတာမှာ အင်ဂျင်နီယာနဲ့ အလုပ်ကြီးကြပ်သူအဖြစ် ဝင်လုပ်နေတဲ့ တရုတ်နိုင်ငံသား ၁၆ ယောက်၊ တရားမဝင် မြန်မာအလုပ်သမား ၆၂ ယောက်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

အဆိုပါ တရုတ်နိုင်ငံသား ၁၆ ယောက်ဟာ အခြားဗီဇာနဲ့ ဝင်ရောက်နေထိုင်ပြီး လက်ရှိအလုပ်အကိုင်နဲ့ မကိုက်ညီတာကြောင့် အလုပ်သမားဥပ‌ဒေနဲ့ အရေးယူခံရမယ်၊ ဒါ့အပြင် အဆိုပါ အိမ်ခြံမြေ အဆောက်အဦပရောဂျက်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ဟာလည်း ထိုင်းအမည်ခံ (နိုမီနီ) ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးနေတယ်။ 

မြန်မာအလုပ်သမား ၆၂ ယောက်မှာတော့ ထိုင်းနိုင်ငံထဲ တရားဝင် ဝင်ရောက်နေထိုင်ခွင့် အထောက်အထား တစုံတရာမရှိ၊ အလုပ်လုပ်ခွင့်လက်မှတ်လည်း မရှိတာကြောင့် စုံစမ်းစစ်ဆေး‌‌‌ရေး ရဲတပ်ဖွဲ့ထံ အပ်နှံထားပြီး ဖူးကက်ခရိုင်တရားရုံးက အမှုစစ်ပြီးရင် ပြည်နှင်ဒဏ်ပေးခံရမယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

ပြည်သူတွေအနေနဲ့ နိုင်ငံခြားသားတွေ တရားမဝင် အလုပ်လုပ်ကိုင်နေတာကို တွေ့ရှိပါက ဗဟိုအလုပ်သမားမှတ်ပုံတင်နဲ့ အလုပ်ရသမားရှာဖွေခန့်ထားရေးရုံး ဖုန်းနံပါတ် ၀၂ ၃၅၄ ၁၇၂၉ ဒါမှမဟုတ် ဘန်ကောက်နယ်မြေ ၁ မှ ၁၀ အလုပ်သမားရုံး၊ ဒါမှမဟုတ် ခရိုင်တိုင်းရှိ အလုပ်သမားရုံးနဲ့ အရေးပေါ်ဖုန်းလိုင်း ၁၅၀၆ ကို သတင်းပေးပို့ဖို့လည်း သက်ဆိုင်ရာက ကြေညာထားပါတယ်။ 

Source: Khaosod / Matichon / Bright TV 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013