
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ အဓိကျတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ဖွင့်လှစ်ထားတာ တလကျော်ကြာပြီ ဖြစ်ပေမဲ့ ကုန်တင်ယာဉ်တွေကို လက်ရှိအချိန်ထိ ဖြတ်သန်းခွင့်မပေးသေးတာကြောင့် ထိုင်းကုန်စည်တွေ ပြည်တွင်းတင်သွင်းမှုမှာ ကြန့်ကြာမှုတွေ ရှိနေဆဲလို့ ထိုင်းကုန်ပစ္စည်း တင်သွင်းရောင်းချသူတချို့က ပြောပါတယ်။
လမ်းပိုင်းကို ဖွင့်ထားပေမဲ့ တရားဝင်ကုန်သွယ်ဂိတ် မဖွင့်သေးတာကြောင့် ကုန်ကားတစီးကို ကျပ်သိန်း ၂,၀၀၀ ကနေ ၃,၀၀၀ ကြား စစ်တပ်စစ်ဆေးရေးဂိတ်တွေကို လာဘ်ထိုး ကုန်သွယ်နေရတယ်လို့လည်း ထိုင်းကုန်စည်တင်သွင်းတဲ့ ကုန်သည်တချို့က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ၂ နှစ်ကျော်ကြာ ပိတ်ထားရတဲ့ အာရှလမ်းပိုင်းကို စစ်တပ်က ၂၀၂၅ နှစ်လယ်ပိုင်းမှာ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး ဒီနှစ် ဧပြီ ၂ ရက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။
အာရှလမ်းပိုင်း ပြန်လည်ဖွင့်လှစ်လိုက်တဲ့အတွက် မြဝတီကနေ တင်သွင်းရတဲ့ ထိုင်းကုန်ပစ္စည်းတွေရဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ သက်သာသွားမယ်လို့ ကုန်သည်တွေက မျှော်လင့်ခဲ့ကြပေမဲ့ လက်ရှိအချိန်ထိ ကုန်တင်ယာဉ်တွေနဲ့ ယာဉ်ကြီးတွေကို ဖြတ်သန်းခွင့် မပေးသေးဘဲ ခရီးသည်တင်ကားလေးတွေနဲ့ အိမ်စီးကားတွေကိုပဲ ဖြတ်သန်းခွင့်ပေးထားတာပါ။
ထိုင်းနိုင်ငံထုတ် မီးဖိုချောင်သုံးပစ္စည်းတွေ တင်သွင်းရောင်းချနေသူတယောက်က “ဂျူတီဆောင်ပြီးသား သွင်းကုန်လိုင်စင်ရှိပြီးသားတွေကတော့ အဆင်ပြေတယ်။ ပုံမှန်ပဲပေါ့။ ကျန်တဲ့ ကုန်စည် လူသုံးကုန် အတိုအထွာတွေ သယ်မယ်ဆိုရင်တော့ မှောင်ခိုသဘောမျိုး ဖြစ်သွားတာပါပဲ။ ပစ္စည်းတွေကို အကုန်ဖောက်ကြည့်တယ်။ ပြီးရင် သူတို့တောင်းသလောက် ပေးရတယ်။ ကားတစီးကို သိန်းထောင်ချီ ပေးနေရတုန်းပဲ။ လက်နက်ကိုင်လည်းပေး၊ စစ်တပ်လည်း ပေးရတုန်းပဲ။ အခုအခြေအနေကတော့ ကုန်ကျစရိတ်ကျသွားတာ မရှိဘူး။ ကုန်ပစ္စည်းဈေးနှုန်းတွေကလည်း ကျလာတာမရှိဘူး၊ အရင်ထက် ပိုကျပ်သွားတာပဲ” လို့ ပြောပါတယ်။
အာရှလမ်းပိုင်းဖွင့်လှစ်လို့ သယ်ယူပို့ဆောင်ရေးစရိတ် သက်သာရမဲ့အစား စစ်တပ် စစ်ဆေးရေးဂိတ်တွေ ပိုများလာပြီး ကုန်ကျငွေ ပိုလာတဲ့အပြင် ကုန်စည်တင်ပို့မှုလည်း ပိုပြီးကြန့်ကြာလာတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တပ်တွေဟာ အာရှလမ်းပိုင်းတလျှောက် လုံခြုံရေးအပြည့်နဲ့ ထိန်းချုပ်ထားတဲ့အပြင် မြဝတီအထွက် ကရင်လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေါနတောင်ကျော် လမ်းဟောင်းကိုလည်း အရင်ကထက်ပိုပြီး ပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်လာတယ်လို့ ဒီလမ်းပိုင်းမှာ ကုန်သွယ်နေတဲ့ ကုန်သည်တချို့က ပြောပါတယ်။
ဒီအခြေအနေတွေကြောင့် ပြည်တွင်းက ကုန်သည်တွေဟာ ကုန်စည်တင်ပို့မှု ပိုမိုကြန့်ကြာလာတဲ့အပြင် စစ်တပ် စစ်ဆေးရေးဂိတ်တွေကို ပေးရတဲ့ ဂိတ်ကြေးတွေကလည်း အဆမတန် များပြားလာတယ်လို့ ကုန်သည်တယောက်က ပြောပါတယ်။
“ကားတစီးကို သိန်း ၂,၀၀၀၊ ၃,၀၀၀ ပေးရတယ်။ ဂိတ်တွေလည်း ပိုတိုးလာတယ်။ အဲဒီလိုဆိုတော့ ကျနော်တို့ကလည်း တွက်ခြေကိုက်မဲ့ကုန်တွေပဲ တင်တော့တယ်လေ။ ပစ္စည်းငယ်ပြီး တန်ဖိုးကြီးတဲ့ဟာမျိုးတွေ အဓိက သယ်ကြတာပေါ့။ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့တင် ကုန်ပစ္စည်းတခု တန်ဖိုးက ၄၀၊ ၅၀ ရာခိုင်နှုန်းလောက် တက်သွားတယ်။”
ပြည်တွင်းမှာ ထိုင်းနိုင်ငံကထုတ်တဲ့ အိမ်သုံးပစ္စည်း၊ ဆေးဝါး၊ အစားအသောက်၊ လျှပ်စစ်ပစ္စည်း အပါအဝင် အထွေထွေ လူသုံးကုန်ပစ္စည်းတွေကို အဓိကထား တင်သွင်းနေရပြီး ထိုင်းနိုင်ငံကနေ နှစ်စဉ် ပျမ်းမျှ ဒေါ်လာ ၄ ဘီလီယံဖိုး တင်သွင်းနေရတယ်လို့ ကုန်သွယ်မှုအချက်အလက်တွေမှာ ဖော်ပြပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ထိန်းချုပ်ထားနိုင်ပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ ဒေါနတောင်ကျော် လမ်းဟောင်းပိုင်းကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် အဲဒီမှာ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။











