
ဟားမတ်စ်အဖွဲ့ဟာ ဂါဇာကမ်းမြောင်က ရဲတပ်ဖွဲ့နဲ့ တခြား ပြည်တွင်းလုံခြုံရေးအဖွဲ့တွေ ကိုင်ဆောင်တဲ့ အော်တိုမက်တစ်ရိုင်ဖယ်နဲ့ တခြားလက်နက်တွေ စွန့်လွှတ်ဖို့ အသင့်ရှိတယ်လို့ တာဝန်ရှိသူ ၂ ယောက်က နယူးယောက်တိုင်းမ် သတင်းစာကို အတည်ပြုပါတယ်။
ဒါဟာ လက်ရှိအချိန်အထိ လက်နက်စွန့်လွှတ်ရေးကို လူသိရှင်ကြား ငြင်းဆန်နေတဲ့ ဟားမတ်စ်အဖွဲ့ဘက်က သိသိသာသာ အလျှော့ပေးမှု ဖြစ်ပေမဲ့လည်း အမေရိကန်နဲ့ အစ္စရေးတို့ တောင်းဆိုတဲ့ အတိုင်းအတာနဲ့တော့ ကွာဟနေဆဲ ဖြစ်ပါတယ်။
ဒီလက်နက်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ဖွဲ့စည်းပေးထားတဲ့ ပါလက်စတိုင်း အုပ်ချုပ်ရေးကော်မတီဆီ လွှဲပြောင်းဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဟားမတ်စ်ရဲ့ စစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့က ကိုင်ဆောင်ထားတဲ့ လက်နက်ကြီးတွေနဲ့ တင့်ဖျက်ဒုံးကျည်တွေကိုပါ သိမ်းဆည်းနိုင်မလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မဖြေခဲ့ပါဘူး။
အစ္စရေးတပ်တွေ ဂါဇာကနေ ဆုတ်ခွာဖို့နဲ့ စစ်ပွဲကြောင့် ပျက်စီးသွားတာတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ဟားမတ်စ်တွေ လက်နက်အားလုံး စွန့်လွှတ်ရမယ်လို့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့က တောင်းဆိုထားပါတယ်။
ဒီလို ရဲတပ်ဖွဲ့သုံးလက်နက်တွေ စွန့်လွှတ်မယ်ဆိုတဲ့ ကမ်းလှမ်းချက်ဟာ ထရမ့်ပ်ရဲ့ အစီအစဉ်ကို တိုက်ရိုက်မငြင်းဆန်ချင်လို့သာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
လက်ရှိမှာတော့ အုပ်ချုပ်အာဏာလွှဲပြောင်းဖို့ ပြင်ဆင်မှုတွေ အားလုံးပြီးစီးနေပြီလို့ ဟားမတ်စ် တာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကတော့ လိုအပ်ရင် ဟားမတ်စ်တွေကို အင်အားသုံးပြီး လက်နက်ဖြုတ်သိမ်းမယ်လို့ ခြိမ်းခြောက်ထားပါတယ်။










