
ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ရုရှားနိုင်ငံတဝန်း လူ ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ရုရှားရဲ့ အကြီးဆုံး အွန်လိုင်းဈေးနဲ့ အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီကြီး Wildberries ပိုင်တဲ့ နောက်ထပ် ဂိုဒေါင်တခုလည်း ထိခိုက်ခဲ့တယ်လို့ ဒေသခံအရာရှိတွေက ပြောပါတယ်။
ရုရှားအစိုးရရဲ့ စစ်ပွဲကြိုးပမ်းမှုကို ထိခိုက်စေဖို့၊ ရုရှားစီးပွားရေးကို ထိခိုက်စေဖို့နဲ့ ယူကရိန်းကို ရုရှားက အပြည့်အဝကျူးကျော်မှုရဲ့ အကျိုးဆက်တွေကို လူအများ ခံစားရစေဖို့ ရည်ရွယ်တဲ့ ယူကရိန်းအစိုးရရဲ့ လေကြောင်းစစ်ဆင်ရေး တစိတ်တပိုင်းအဖြစ် ယူကရိန်းက လက်လီ အရောင်းဆိုင်တွေရဲ့ ဂိုဒေါင်ပေါင်း တဒါဇင်ကျော်ကို နှစ်ပတ်အတွင်း တိုက်ခိုက်ခဲ့ပါတယ်။
ဂိုဒေါင်ဟာ ယူကရိန်းရဲ့ အဆင့်မြင့်ဆုံးစစ်ရေးနေရာတွေကနေ မိုင် ၅၀၀ အကွာမှာ ရှိပါတယ်။ ယူကရိန်းမှာ ၄ နှစ်ကျော် ကြာနေတဲ့ စစ်ပွဲကို ဆင်နွှဲနေတဲ့ ရုရှားရဲ့စွမ်းရည်ကို ထိခိုက်စေဖို့ မျှော်လင့်ချက်နဲ့ ယူကရိန်းတပ်ဖွဲ့တွေက စီးပွားရေးနဲ့ စွမ်းအင်ပစ်မှတ်တွေကို တိုးမြှင့်တိုက်ခိုက်နေပြီး ရုရှားနိုင်ငံအတွင်း ပိုနက်နက်ရှိုင်းရှိုင်း တိုက်ခိုက်နေပါတယ်။
ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို အနှောင့်အယှက်ဖြစ်စေရေး ကြိုးပမ်းချက် တရပ်အနေနဲ့ Wildberries ရဲ့ နေရာ တဒါဇင်လောက်ကို ဇူလိုင် ၁၈ ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ပါတယ်။
ရုရှား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသ၊ ပင်လယ်နက်နဲ့ အာဇို့ဗ်ပင်လယ်တွေအပေါ်က ကောင်းကင်ယံအပါအဝင် နေရာတွေမှာ ယူကရိန်းဒရုန်း ၆၃၅ စင်းကို ညတွင်းချင်း ပစ်ချခဲ့တယ်လို့ ရုရှအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဝန်ကြီးဌာနက ပစ်မှတ်ဘယ်လောက်ကို ပစ်လွှတ် ထိမှန်ခဲ့တယ် ဆိုတာကိုတော့ မပြောခဲ့ပါဘူး။










