
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်း မုံရွာ-ယာကြီး-ကလေး ကားလမ်းဘေးမှာရှိတဲ့ အင်တိုင်းတောရွာ ခေါ် ၃၁ မိုင်မှာ စစ်အာဏာရှင်တပ်က အရပ်သားတယောက်ကို သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံရသူဟာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် ဖြစ်တယ်လို့လည်း သိရပြီး သူ့ရဲ့နာမည်နဲ့ ဘယ်ရွာသားလဲဆိုတာကိုတော့ မသိရသေးပါဘူး။
အင်တိုင်းတောရွာ ဒေသခံအမျိုးသမီးက “အလောင်းက အနံ့ ထွက်နေတော့ ကလေးတွေက သိပ်မကပ်နိုင်ဘဲ ဖြစ်နေတာ။ အခု အလောင်းတွေ့တဲ့အိမ်က ကျမ တို့အိမ်နဲ့ မျက်စောင်းထိုးလေးရယ်။ ဦးကျော်စွာအိမ်ရဲ့ အိမ်သာရေလည်တဲ့ ရေကန်ထဲကို သဲတွေ ဖို့ပြီး မြှုပ်ထားခဲ့တာ။ အသက်အရွယ် ခန့်မှန်း ၃၀ လောက်ရှိမယ်။ အသတ်ခံရသူက ကျမတို့ ရွာကတော့ မဟုတ်ဘူး။ ဘယ်ရွာကနေ ဖမ်းလာတဲ့သူလဲတော့ မသိဘူး” လို့ ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ မေ ၂၅ ရက်က ချောင်းမရွာကနေ မုံရွာ-ယာကြီး-ကလေး ကားလမ်းအတိုင်း အိမ်ခြေ ၃၀၀ နီးပါးခန့်ရှိတဲ့ အင်တိုင်းတောရွာကို ဝင်ရောက်ပြီး ၂ ညအိပ် ၃ ရက် တပ်စွဲ နေထိုင်ကာ ဒီနေ့ မေ ၂၈ ရက်မှာ ချောင်းမရွာဆီ စစ်ကြောင်းပြန်နေပြီလို့လည်း သိရပါတယ်။
ဒေသခံ ရပ်ကျေး ပအဖ တာဝန်ရှိသူက “အလောင်းက လက်နောက်ပြန် ကြိုးတုပ်ပြီး ရေကန်ထဲ ခွေခေါက်ထည့်ပြီး သဲဖို့ မြှုပ်ထားခဲ့တာ။ စစ်သားတော့ မဟုတ်ဘူး၊ အရပ်သားပဲ ဖြစ်လိမ့်မယ်။ အလောင်းပိုင်ရှင် သိရဖို့ စစ်ကြောင်းဝင်ရာ ကျေးရွာတိုင်းကို ချိတ်ဆက်တာတော့ လုပ်ထားတယ်။ အခုထိတော့ ပိုင်ရှင်မတွေ့သေးဘူး” လို့ ပြောပါတယ်။
ကနီမြို့နယ်အတွင်းကို စစ်တပ်က ဧပြီ ၂၈ ရက်က စတင်ကာ ဒီနေ့ မေ ၂၈ ရက်အထိ တလကြာ စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးနေပြီး အခုလို စစ်ကြောင်းထိုးနေတာကြောင့် ကနီ တောင်ခြမ်းမှာရှိတဲ့ ချောင်းမ၊ သင့်ဝင်၊ ဇီးပင်တွင်း၊ အောင်မင်္ဂလာ၊ လင်ပုန်းရည်၊ မိုးကောင်း၊ မင်းမ၊ သမင်ခြံ၊ မုဌော၊ ငါးဖျတ်၊ ပန်းဆိုင်း၊ တဇယ်ချောင်၊ ရှမ်းမြောင်း၊ မင်းကုန်း၊ ညောင်ပင်ဝန်း၊ ခိုတွင်း၊ ကင်းတောင်၊ ထူး၊ တောင်ပေါက်၊ သလင်း စတဲ့ကျေးရွာတွေက ပြည်သူထောင်နဲ့ချီ နေရပ် စွန့်ခွာနေကြရဆဲ ဖြစ်ပါတယ်။
အခုလို နေရပ်စွန့်ခွာနေကြရတာကြောင့် စားဝတ်နေရေးအပြင် မိုးဦးရာသီ ယာခင်း စိုက်ပျိုးတာလည်း မပြုလုပ်နိုင်ဘဲ ဖြစ်နေကြရတယ်လို့လည်း သိရပါတယ်။











