DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲပေးသူနည်း
DVB
·
December 27, 2014
ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲပေးသူနည်း
Donate to DVB

ရန်ကုန်စည်ပင်သာယာရေးကော်မတီ ကိုယ်စားလှယ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၇ရက်က ရန်ကုန်တမြို့လုံးမှာ တပြိုင်နက်ကျင်းပပြုလုပ်ခဲ့ပြီး မြို့လူထု လာရောက်မဲပေးမှု နည်းခဲ့ပါတယ်။ မဲပေးသူ နည်းရတဲ့အထဲ မဲလာပေးသူ အတော်များများလည်း မဲစာရင်းမှာ နာမည် မပါလို့ မဲမပေးကြရဘဲ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်တချို့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

12မြို့တော်စည်ပင်သာယာအဆင့်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ကိုယ်စားပြုကိုယ်စားလှယ်လောင်း ဒေါ်နော်လှလှစိုးက “လူတွေက မဲ သိပ်လာမပေးကြဘူး။ မဲလာပေးကြတာ တော်တော်လေး နည်းတယ်။ မဲရုံမှာ မဲပေးနိုင်တဲ့လူ ၅၀၀ လောက်ရှိတာ မဲလာပေးတာ ၅၀ တောင်မပြည့်ဘူး။ နောက်တခုက မဲပေးဖို့လာပြီး အိမ်ထောင်ဦးစီး မဟုတ်လို့ဆိုပြီး ငြင်းပယ်ခံရလို့ မဲမပေးရတဲ့သူတွေလည်း အများကြီးရှိတယ်။ နောက်တခါ တချို့ကော်မတီဝင်လောင်းတွေက သူတို့ရဲ့စာရွက်တွေကို မဲပေးတဲ့နေရာအထိ သွားပြီး လူထုလက်ထဲ ထည့်နေတာတွေမြင်ရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေက အစ အဲ့ဒီစာရွက်တွေကို မဲရုံထဲဝင်ပြီး လူထုလက်ထဲ အတင်းထည့်နေတာတွေ ရှိတယ် လို့ ပြောပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင်နဲ့ အနောက်ပိုင်းခရိုင်တို့မှာ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်းတချို့ကလည်း မဲလာပေးတဲ့သူနည်းပါးကြောင်း တညီတညွတ်ထဲ ပြောကြပါတယ်။

ရန်ကုန်တဘက်ကမ်း ဒလမြို့မှာတော့ မဲစာရင်းမှာမပါဘဲ မဲပေးခွင့်မရသူ မြို့နေပြည်သူ ၅၀ လောက်စုပေါင်းပြီး ဒီနေ့ မွန်းလွဲပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ စည်ပင်ရွေးကောက်ပွဲမှာ မဲမပေးခဲ့ရတဲ့ ဒလ ပြည်သူတို့ဟာ မြို့နယ်စည်ပင်ရုံးရှေ့မှာ စုရုံးပြီး ဟောပြောဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူတယောက်ဖြစ်တဲ့ ဒေါ်ခင်လှလှက ပြောပါတယ်။

သင်္ကန်းကျွန်းမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က သူတို့ပါတီအနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မရှိတဲ့ စည်ပင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ သင်္ကန်းကျွန်းမှာ လူထုကပေးတဲ့ သတင်းစကားတွေအရ ပါတီတံဆိပ်တွေတပ်ပြီး မဲရုံထဲအထိ စည်းရုံးရေးဆင်းလို့ ကန့်ကွက်မှုတွေ ဖြစ်ပေါ်ခဲ့တယ် လို့လည်း သူက ပြောပါတယ်။

ရန်ကုန်က သတင်းစာဆရာ အယ်ဒီတာ ချစ်ဝင်းမောင်ကတော့ စည်ပင်ရွေးကောက်ပွဲ လုပ်နေတယ်လို့ မထင်ရအောင် မြို့ခံတွေ စိတ်မ၀င်စားကြတာ တွေ့ရပြီး သက်ဆိုင်ရာ ကော်မရှင်က လှုံ့ဆော် ဆော်သြရေးအပိုင်းလုပ်တာ အားနည်းတယ်လို့ မှတ်ချက်ပေးပါတယ်။

ရွေးကောက်ပွဲလုပ်ပြီးတဲ့နောက် တနှစ်သက်တမ်းလောက်ပဲ အလုပ်လုပ်ရမယ့် ကိုယ်စားလှယ်ရွေးကောက်ပွဲဟာ ရိုးသားမှု မရှိဘဲ နောက်ကွယ်မှာ အကြောင်းတစုံတရာ ရှိနိုင်တယ်လို့ ခန့်မှန်းသုံးသပ်သူတွေလည်း ရှိပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို ပြည်သူက မဲပေးရွေးချယ်လိုက်လည်း ဘာမှ ထူးလာမှာ မဟုတ်လို့ မဲပေးသူနည်းတာ ဖြစ်နိုင်တယ်။ မြို့တော်စည်ပင်မှာ မြို့တော်ဝန်ကအစ ပြည်သူက မဲပေးရွေးချယ်မှ အပြောင်းအလဲဖြစ်လာနိုင်မယ်လို့ သုံးသပ်တဲ့ မဲဆန္ဒရှင်တွေလည်း ရှိပါတယ်။

နှစ်ပေါင်း ၆၀ ကျော်ကြာမှ ဒုတိယအကြိမ်ပြုလုပ်တဲ့ စည်ပင်ရွေးကောက်ပွဲဟာ ကြိုတင်ခန့်မှန်း တွက်ဆချက်တွေအတိုင်း အများပြည်သူစိတ်မ၀င်စားတဲ့ ရွေးကောက်ပွဲတခု ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013