DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ရွှေဘိုတွင် စစ်တပ်က စခန်းမကျရေး လေကြောင်းမှကာကွယ်၊ လက်ပံတို ရေနံမြေကို ဗုံးကြဲ
DVB
·
May 18, 2026
Photo: မြိုင်မြို့နယ် စစ်ကြောင်းများသတင်း
Photo: မြိုင်မြို့နယ် စစ်ကြောင်းများသတင်း
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာ စစ်တပ်အထိုင်စခန်းနဲ့ ဒေသတော်လှန်ရေး ပူပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က စခန်းမကျရေးအတွက် လေကြောင်း အလွန်အကျွံသုံးစွဲကာ ခုခံကွယ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁၄ ရက် မနက် ၃ နာရီခန့်မှာ ပလိုင်းရွာမှာရှိတဲ့ စစ်တပ်နဲ့ ဒေသခံ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ တိုက်ပွဲက ပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်ချိန် စစ်တပ်ဘက်က ဂျက်တိုက်လေယာဉ်၊ Y12၊ စက်တပ်လေထီး၊ ကင်းထောက်ဒရုန်း၊ အသေခံဒရုန်းတို့အပြင် ဟောင်ဝစ်ဇာ လက်နက်ကြီး အပါအဝင် ဗုံးအလုံး ၇၀ ကျော်ထက်မနည်း ကြဲချတိုက်ခိုက်ကာ စခန်းမကျရေး ခုခံကာကွယ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲမဖြစ်ခင် မေ ၁၃ ရက်မှာလည်း ပလိုင်းရွာ စစ်တပ်စခန်းနဲ့ အနီးတဝိုက် ကျေးရွာတွေဘက်ကို နေ့ ည လက်နက်ကြီး အလုံး ၂၀ ကျော်နဲ့အတူ အသေခံဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒေသခံတယောက်က “တိုက်ပွဲက မနက် ၃ နာရီ မထိုးခင်ကတည်းက ဖြစ်နေတာ၊ စစ်တပ်က ရှိသမျှ လေကြောင်းပစ္စည်း အကုန်ထုတ်သုံးသွားတာ၊ အရင်ရက်ကလည်း လက်နက်ကြီးအလုံး ၂၀ ကျော် ဒရုန်း ၂ စီး ချသေးတယ်၊ ၂ ရက်ပေါင်း ဗုံးနဲ့ လက်နက်ကြီးအလုံး ၁၀၀ လောက်ပစ်တာ၊ ဒီဘက်နယ်မှာ တခါမှ အဲဒီလောက်များတာ တခါမှ မကြုံဖူးဘူး” လို့ ပြောပါတယ်။

မေ ၁၄ ရက်က ရွှေဘိုမြို့နယ် ပလိုင်းနဲ့ မင်းကုန်းရွာ စစ်တပ်စခန်းတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်တပ်က မြို့အဝင်ထွက်ဂိတ်တွေမှာ စစ်အင်အားတိုးချဲ့ကာ အဝင်အထွက် ပိတ်ထားပြီး မြို့တွင်း နေရာအများအပြားမှာလည်း တပ်ဖြန့်နေရာယူထားတယ်လို့ သိရပြီး ညနေပိုင်းမှာ မြို့အဝင်အထွက်ကို ပြန်ဖွင့်ပေးတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီး နောက်ရက် မေ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာလည်း ရွှေဘိုအနောက်တောင်ခြမ်း ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် ပလိုင်းရွာ စစ်တပ်စခန်းကိုလည်း Y12 လေယာဥ်ပတ်ဝဲကာ ရိက္ခာခဲယမ်းလို့ ယူဆရတဲ့ အထုပ် ၈ ထုပ် ချသွားတယ်လို့ သိရပါတယ်။

အခုလို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံထောင်ချီဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး ဆေးဝါး၊ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ သိပါတယ်။

မကွေးတိုင်းထဲမှာတော့ မြိုင်နဲ့ ပေါက်နယ်စပ်ရှိ လက်ပံတိုရေနံမြေကို စစ်တပ်က ဒီနေ့ မေ ၁၈ ရက် မနက်ပိုင်းမှာ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာ နမခကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ၂ ကြိမ် လေကြောင်းတိုက်ခိုက်လို့ ဈေးဆိုင်တွေရဲ့ တံခါးတွေ၊ နံရံတွေ ထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “တိုက်ပွဲမရှိပါဘူး။ ဒီဒေသကို ဂျိုင်ရိုကော်ပတာနဲ့ပစ်တာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ အရင်ကလည်း ခဏခဏပစ်ဖူးပါတယ်။ ဒေသခံတွေကတော့ ဗုံးခိုကျင်းတွေ တူးထားကြပါတယ်။ လေကြောင်းသတင်းကိုလည်း သက်ဆိုင်ရာတွေက အမြဲတမ်း အသိပေးနေပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်တပ်တိုက်ခိုက်တဲ့ ဗုံးဟာ လူမ‌နေတော့တဲ့ အိမ်ဘေးကို တလုံး၊ လမ်းပေါ်တလုံး ကျတာဖြစ်ပြီး အရပ်သားတွေ တိမ်းရှောင်နေတာကြောင့် ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

စစ်တပ်ဟာ မြစ်ခြေနယ်တဝိုက်နဲ့ ဆိပ်ဖြူ၊ ပေါက်ဘက်တွေမှာ စစ်ကြောင်းတွေထိုး၊ မီးရှို့ အကြမ်းဖက်မှုတွေ လုပ်နေပြီး တဘက်မှာလည်း မြိုင်နဲ့ ပေါက်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတာ ဖြစ်ပါတယ်။

နေ့စဥ် ရေနံစည် ၄၀၀ ထုတ်လုပ်ပေးနိုင်တဲ့ လက်ပံတိုရေနံမြေက စစ်တပ်တွေဟာ ၂၀၂၄ ခုနှစ် မေလမှာ တပ်ဆုတ်သွားတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013