
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့လယ်ခေါင်မှာ ဇွန် ၄ ရက်က ပညာရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြရာကနေ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ဝင်ရောက်စီးနင်းပြီး မျက်ရည်ယိုဗုံးတွေ အသုံးပြု နှိမ်နင်းခဲ့ပါတယ်။
ဒီဆန္ဒပြပွဲဟာ အကြမ်းဖက်မှုအသွင် ပြောင်းလဲသွားခဲ့ပြီး မြို့လယ်ခေါင်မှာ အမှိုက်သရိုက်တွေနဲ့ မှန်ကွဲစတွေ ပြန့်ကျဲကုန်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဘရပ်ဆဲလ်ရဲတပ်ဖွဲ့ကလည်း သူတို့ရဲ့ X လူမှုကွန်ရက်စာမျက်နှာကတဆင့် ဘရပ်ဆဲလ် ဗဟိုဘူတာရုံ ပတ်ပတ်လည် နေရာတွေကို မသွားကြဖို့ ပြည်သူတွေကို သတိပေးထားပါတယ်။
ပြင်သစ်ဘာသာစကား သင်ကြားရေးပိုင်းကို တာဝန်ယူရတဲ့ ဘယ်လ်ဂျီယံရဲ့ ပြင်သစ် အသိုက်အဝန်း အစိုးရဟာ အဆင့်မြင့်ပညာရေးအတွက် တနှစ်တာ ကျောင်းလခကို လက်ရှိ ၈၃၅ ယူရိုကနေ ၁,၁၀၀ ယူရိုဝန်းကျင်အထိ တိုးမြှင့်ဖို့ စီစဉ်နေတာပါ။
ဒါ့အပြင် အထက်တန်းကျောင်း နောက်ဆုံးနှစ်တွေက ဆရာ၊ ဆရာမတွေကိုလည်း တပတ်မှာ စာသင်ချိန် ၂ နာရီ ထပ်တိုးသင်ပြဖို့ ကမ်းလှမ်းထားပါတယ်။
ဒီလို အသုံးစရိတ်လျှော့ချမဲ့ အစီအစဉ်တွေကို ပြင်သစ်အသိုက်အဝန်းလွှတ်တော်က ကြာသပတေးနေ့ နှောင်းပိုင်းမှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။
Source: Reuters










