
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့ကို စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်တပ်က ဗုံးထပ်ကြဲလို့ စာသင်ကျောင်းနဲ့ အိမ်တချို့ ပျက်စီးသွားပြီး ပုဏ္ဏားကျွန်းမှာတော့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၇ ရက် မနက် ၁၀ နာရီခွဲမှာ သံတွဲမြို့၊ အမှတ် ၈ ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် သက်ကြီးပိုင်း အမျိုးသမီးတယောက် သေဆုံးပြီး အမျိုးသမီး ၃ ယောက် ဒဏ်ရာရရှိခဲ့သလို မွန်းလွဲ ၂ နာရီ ၅၀ မိနစ်မှာလည်း ကျောက်ကြီးကျေးရွာ စာသင်ကျောင်းနားကို ဗုံးထပ်ကြဲတာကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ သံတွဲဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“မနက် သံတွဲမြို့ပေါ်မှာ ဗုံးကြဲလို့ အရပ်သားတွေ သေဆုံးတာတောင် မကြာသေးဘူး။ နေ့လယ်မှာ ကျောက်ကြီးရွာကို ဗုံးကြဲတယ်။ ကျောက်ကြီးဆိုတာ ဩဂုတ်လအတွင်းကမှ စစ်တပ်က ဗုံးကြဲလို့ အရပ်သားတွေ အစုအပြုံလိုက်သေသွားတဲ့ ရွာဗျ။ အခုလည်း စာသင်ကျောင်းအနီးကို ဗုံးကြဲသွားတာလို့ သိရတယ်။ လူအထိအခိုက်မရှိပေမဲ့ စာသင်ကျောင်းနဲ့ အနီးက အိမ်တွေတော့ ပျက်စီးသွားတယ်လို့ သိရတယ်။ စစ်တပ်က လေယာဉ်အားကိုးနဲ့ ရခိုင်ပြည်ကို ဖျက်ဆီးနေတာ။”
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်ကလည်း သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၆ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့တာပါ။ စစ်တပ်ဟာ သံတွဲမြို့နယ်ကို ဇူလိုင်နဲ့ ဩဂုတ်လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ လောက် လုပ်ခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ ၂၀၀ လောက်ရှိခဲ့ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျကျေးရွာကို စက်တင်ဘာ ၇ ရက်၊ မနက် ၇ နာရီ ၄၅ မိနစ်လောက်မှာ စစ်တပ်က ဗုံးကြဲပြီး ပုဏ္ဏားကျွန်းမြို့နဲ့ စေတီရင်းကျေးရွာကိုလည်း မွန်းလွဲ ၃ နာရီလောက်မှာ ဗုံးထပ်ကြဲခဲ့ပါတယ်။
ဒေသခံတယောက်က “ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျရွာကို မနက်ပိုင်းမှာ စစ်တပ်က လာဗုံးကြဲတယ်။ ဒီရွာမှာလည်း အိမ်တဆောင် ပျက်စီးသွားတယ်။ အထိအခိုက်တော့ မရှိဘူး။ နေ့လယ်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်က အ.ထ.က ကျောင်းနဲ့ မြို့တဘက်ကမ်း စေတီရင်းရွာကို ဗုံးကြဲသွားတာရှိတယ်။ မြို့ခံတွေက စစ်ဘေးရှောင်နေကြတော့ အထိအခိုက်တော့ မရှိဘူး။ စာသင်ကျောင်းဆောင်တွေတော့ ပျက်စီးသွားတယ်” လို့ပြောပါတယ်။
စစ်အာဏာရှင်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းလာပြီးနောက် စက်တင်ဘာ ၃ ရက်ကနေ ၇ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ပုဏ္ဏားကျွန်းမြို့နဲ့ ကျေးရွာတွေကို နေ့တိုင်း ဗုံးကြဲနေတာပါ။
လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်က ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာလည်း အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တွေမြို့နယ် ရွာဘို၊ တောကံ၊ ဆားပို့တောင်၊ ရွာဟောင်းချောင်း စတဲ့နေရာဝန်းကျင်တွေမှာ AA နဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီက မင်းလှကျေးရွာနဲ့ ပတ်ဝန်းကျင်ကိုပါ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောဆိုပါတယ်။
"တိုက်ပွဲက ဆက်ဖြစ်နေတယ်၊ မနေ့ညကလည်း ဗုံးကြဲတယ်၊ ဒီနေ့မနက်ပိုင်းကလည်း ဗုံးလာကြဲတယ်။ စကစဘက်ကတော့ အထိအခိုက်များတယ်လို့ ကြားရတယ်။”
စစ်တပ်က မင်းလှကျေးရွာကို စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့သလို ဒီနေ့မနက် ၆ နာရီကျော်ကလည်း မင်းလှ၊ ဆားပို့တောင်၊ ရွာဘို စတဲ့ကျေးရွာတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အလားတူ ကျောက်ဖြူမြို့နယ် အဝတောင်ကျေးရွာစခန်းမှ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်တပ်စစ်ကြောင်းနဲ့ AA တို့ နှစ်ဖက်တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“ပထမတော့ စကစဟာ စနဲဘက်ကိုတက်လာတဲ့ အဲဒီအဝတောင်နဲ့ စနဲကြားမှာ တံတားရှိတယ်၊ အဲဒီနားမရောက်ခင် ဖြစ်တယ်။ အခုတော့ စကစဟာ နောက်ဆုတ်ရင်း အဝတောင်နားကို ရောက်သွားပြီ။”
စက်တင်ဘာ ၄ ရက်နေ့က စတင်ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ AA တပ်တွေ စနဲ-အဝတောင်လမ်း တံတားနားအနီးမှာ တိုက်ပွဲစဖြစ်ပြီး စစ်တပ်ဘက်က နောက်ဆုတ်ရင်း နှစ်ဖက်တိုက်ပွဲ အဝတောင်ကျေးရွာနားထိ ရောက်သွားတယ်လို့ ဆိုပါတယ်။











