
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရေခါးကျေးရွာကို စစ်အာဏာရှင်တပ်က ဩဂုတ် ၁၈ ရက် ညနေ ၃ နာရီခွဲမှာ ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်လို့ ပြည်သူ ၃ ယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့သလို ဘုန်းကြီးကျောင်းဆောင်တွေနဲ့ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက “ဆားလင်းကြီးမြို့နယ်တောင်ပိုင်း၊ ဝမ်ပေါင်အနောက်ဘက်ခြမ်း၊ ပုသိမ်–မုံရွာလမ်းပိုင်းက ရေခါးရွာထဲကို တံတားဦးလေတပ်က တက်လာကြတဲ့ A5 အမျိုးအစား ဂျက်ဖိုက်တာ ၂ စင်းနဲ့ လေကြောင်းတိုက်ခိုက်သွားတာပါ။ လေကြောင်းတိုက်ခိုက်ပြီးတော့လည်း ဝမ်ပေါင်ကုမ္ပဏီထဲက စစ်တပ်အထိုင်စခန်းကနေ အဲဒီရွာထဲကို လက်နက်ကြီးနဲ့ ၆ ချက်လောက် ပစ်ခတ်ခဲ့သေးတယ်” လို့ ပြောပါတယ်။
အဆိုပါ တိုက်ခိုက်ခံရမှုတွေကြောင့် အမျိုးသမီးတွေ အပါအဝင် အရပ်သားပြည်သူ ၃ ယောက် သေဆုံးကာ ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ဘုန်းကြီးကျောင်းဆောင်တွေနဲ့ လူနေအိမ် ၆ လုံးလည်း မီးလောင်ပျက်စီးခဲ့ပြီး ကျွဲ၊ နွား တိရစ္ဆာန်တွေလည်း ထိခိုက်သေဆုံးခဲ့ကာ သေဆုံးသူတွေနဲ့ အချက်အလက်တွေကိုတော့ စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဆားလင်းကြီးမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီ ရေခါးရွာမှာ အိမ်ခြေ ၂၀၀ လောက်ရှိပြီး စစ်တပ်ဘက်က အထိုင်ချနေတာ၊ တော်လှန်ရေးဘက်က အထိုင်ချနေတာ၊ စစ်ကြောင်းထိုးနေတာ၊ တိုက်ပွဲဖြစ်နေတာ ဘာမှမရှိပါဘဲ အခုလိုမျိုး ပြည်သူကိုပစ်မှတ်ထားပြီး အကြောင်းမဲ့ ရက်ရက်စက်စက် တိုက်ခိုက်ခံရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဲဒီ ရေခါးရွာက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်ကလည်း စစ်တပ်စစ်ကြောင်း ဝင်ရောက်ပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီဝင်းအနီးမှာရှိကြတဲ့ ကျေးရွာတွေဟာ စစ်အာဏာရှင်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်ခံနေရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
Photo: သမန်းကျား ဆားလင်းကြီး











