DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်က စာသင်ကျောင်းများတွင် မေ ၁၈ ရက်ကစပြီး စမတ်ဖုန်း ပိတ်ပင် 
DVB
·
March 16, 2026
ဘန်ကောက်က စာသင်ကျောင်းများတွင် မေ ၁၈ ရက်ကစပြီး စမတ်ဖုန်း ပိတ်ပင် 
Donate to DVB

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က စာသင်ကျောင်း ၄၃၇ ကျောင်းမှာ မေ ၁၈ ရက်က စတင်ကာ စာသင်ခန်းတွင်း စမတ်ဖုန်းအသုံးပြုမှု ပိတ်ပင်ကန့်သတ်သွားဖို့ရှိတယ်လို့ Khaosod English သတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) လက်အောက်က စာသင်ကျောင်းအားလုံးမှာ ပြုလုပ်သွားမှာဖြစ်ပြီး စာသင်ချိန်အတွင်း လက်ကိုင်ဖုန်းနဲ့ ဒီဂျစ်တယ်ပစ္စည်းတွေ အသုံးပြုမှုကို ကန့်သတ်ဖို့ စီစဉ်နေတာလို့ မြို့တော်ဝန် ချတ်ချာ့တ် ဆီတိဖန်က ပြောပါတယ်။

“ဖုန်းပိတ်ထားပါ၊ သင်ယူမှုစတင်ပါ” အမည်နဲ့ ပြုလုပ်သွားမဲ့ ဒီအစီအစဉ်က ပိုမိုထိရောက်တဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးဖို့နဲ့ ဖုန်းမျက်နှာပြင် အလွန်အကျွံ ကြည့်ရှုမှုကြောင့် ဖြစ်ပေါ်လာမဲ့ ကျန်းမာရေးနဲ့ အပြုအမူဆိုင်ရာ ဆိုးကျိုးတွေကို လျှော့ချနိုင်ဖို့အတွက် ကျောင်းသားတွေရဲ့ ဖုန်းတွေကို ဆရာ၊ ဆရာမတွေဆီ အပ်နှံထားကြဖို့ တိုက်တွန်းထားတာပါ။

ဘန်ကောက်မြို့တော်ဝန် ချတ်ချာ့တ်က မျက်မှောက်ခေတ် ပညာရေးမှာ ဒစ်ဂျစ်တယ်နည်းပညာက အရေးကြီးပေမဲ့ စမတ်ဖုန်းတွေကို အလွန်အကျွံ အသုံးပြုတာကြောင့် အာရုံစူးစိုက်မှု အားနည်းလာတာ၊ အနီးမှုန်နှုန်း မြင့်တက်လာတာ၊ ကျောင်းသား၊ ဆရာ ဆရာမတွေနဲ့ သူငယ်ချင်းတွေအကြား ထိတွေ့ဆက်ဆံမှု လျော့နည်းလာတာ စတဲ့ပြဿနာတွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းသားအများစုက စမတ်ဖုန်းနဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို အချိန်ကြာမြင့်စွာ အသုံးပြုနေကြတာကြောင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာပြီး အွန်လိုင်းလောကထဲမှာသာ နစ်မွန်းနေတာကြောင့် လူမှုဆက်ဆံရေးစွမ်းရည်တွေ အားနည်းသွားနိုင်တယ်လို့ သူကပြောပါတယ်။

နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ သူငယ်တန်းကနေ တက္ကသိုလ်အဆင့်အထိ ပြုလုပ်ခဲ့တဲ့ သုတေသန အစီရင်ခံစာတွေကို ကိုးကားပြီးတော့ ဖုန်းတွေက ကျောင်းသားတွေရဲ့  သင်ယူမှုကို အလွယ်တကူ အာရုံပျံ့လွင့်စေတဲ့အကြောင်းလည်း မြို့တော်ဝန်က ပြောလိုက်သလို ဖုန်းတလုံး အနီးအနားမှာ ရှိနေတာ၊ ဒါမှမဟုတ် အကြောင်းကြားစာ (Notification) တခု တက်လာတာမျိုးကတောင် အာရုံစူးစိုက်မှုကို နှောင့်ယှက်နိုင်ပြီး အာရုံပြန်လည်ရရှိဖို့ မိနစ် ၂၀ အထိ အချိန်ယူရနိုင်တယ်လို့ ဆိုပါတယ်။

ဘယ်လ်ဂျီယံ၊ စပိန်နဲ့ ယူကေ အပါအဝင် နိုင်ငံတချို့မှာလည်း ကျောင်းတွေအတွင်း စမတ်ဖုန်းအသုံးပြုမှုကို ကန့်သတ်ထားပြီးဖြစ်ကာ သင်ယူမှုရလဒ်တွေ တိုးတက်လာကြောင်း အစီရင်ခံစာရလဒ်တွေ ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

BMA ရဲ့ မူဝါဒအရ သင်ခန်းစာနဲ့ကိုက်ညီတဲ့ သင်ယူမှု ရည်ရွယ်ချက်တွေအတွက် ဆရာရဲ့ ကြီးကြပ်မှုနဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို အသုံးပြုနိုင်မှာဖြစ်ပေမဲ့ ထမင်းစားချိန်၊ ဒါမှမဟုတ် ဘုံအသုံးပြုနေရာတွေလို တချို့သောနေရာနဲ့ အချိန်တွေကို လူမှုဆက်ဆံရေးနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ တိုးမြှင့်နိုင်ဖို့အတွက် “ဒစ်ဂျစ်တယ် ကင်းစင်ဇုန်” အဖြစ် သတ်မှတ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီမူဝါဒထဲ ကျောင်းတွင်း အွန်လိုင်းအနိုင်ကျင့်မှုတွေကို တားဆီးဖို့နဲ့ မသင့်လျော်တဲ့ အကြောင်းအရာတွေကို ကြည့်ရှုတာတွေကို ကန့်သတ်ဖို့အတွက် ဆိုက်ဘာလုံခြုံရေး အစီအမံတွေကိုလည်း ထည့်သွင်းသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါအစီအစဉ်ကိုတော့ BMA ကျောင်း ၁၀ ကျောင်းမှာ မူလတန်းနဲ့ အထက်တန်း အဆင့်တွေအတွက် ရှေ့ပြေးစီမံကိန်းအဖြစ် စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ဖြစ်သလို မိဘတွေနဲ့ ဆရာတွေဘက်က ကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှု၊ ပညာရေးထူးချွန်မှု ပိုမိုကောင်းမွန်လာတာကြောင့် အားရကျေနပ်မှုရှိကြောင်း သိရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ BMA အနေနဲ့ သက်ဆိုင်သူတွေဆီက အကြံပြုချက်တွေကို စုဆောင်းနေပြီး ၂၀၂၆ ပညာသင်နှစ် ပထမစာသင်နှစ် စတင်မဲ့ရက်မှာ ကျောင်းအားလုံး တရားဝင် စတင်အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

Source: Khaosod

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013