
အီရန်နိုင်ငံရဲ့ အမြင့်ဆုံး အဓိပတိခေါင်းဆောင်သစ် မို့ဂျ်တာဘာ ခါမေနီဟာ အရှုပ်အထွေးများတဲ့ အခြေအနေအတွင်းမှာ ထိခိုက်ဒဏ်ရာ ရထားတယ်လို့ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က မတ် ၁၃ ရက်မှာ ပြောပါတယ်။
ဒါပေမဲ့ အဲဒီဒဏ်ရာတွေက အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်တာလားဆိုတာတော့ မသေချာသေးဘူးလို့ ဒုသမ္မတ ဗန့်စ်က ဆိုပါတယ်။
အခြေအနေတွေက ရှုပ်ထွေးနေတာဖြစ်ပြီး အစ္စရေးဘက်ကလည်း တိုက်ခိုက်နေတာရှိသလို အမေရိကန်ကလည်း ပစ်မှတ်တော်တော်များများကို တိုက်ခိုက်နေတာကြောင့် အီရန်ရဲ့ အထွတ်အထိပ် ခေါင်းဆောင် ဒဏ်ရာရထားတယ်ဆိုတာကို သိထားပေမဲ့ ဒဏ်ရာ ဘယ်လောက် ပြင်းထန်တယ်ဆိုတာတော့ မသိရသေးဘူးလို့ မတ် ၁၃ ရက်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက် တွေကို ပြန်ဖြေကြားပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံက စာသင်ကျောင်းတကျောင်း တိုက်ခိုက်ခံရပြီး အရပ်သားတွေ ထိခိုက် သေဆုံး ခဲ့တဲ့ကိစ္စအပေါ်မှာလည်း အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ဒုသမ္မတ ဗန့်စ်က ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ အမေရိကန်သမ္မတက ညွှန်ကြားထားပြီး လက်ရှိမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ လုပ်ဆောင်နေကြပြီလို့လည်း ဗန့်စ်က ပြောသွားပါတယ်။
Source: Reuters










