DVB Logo
Home
နိုင်ငံတကာ
အီကွေဒေါတွင် အလုပ်သမားသမဂ္ဂများဦးဆောင် ဆန္ဒပြ   
DVB
·
March 14, 2026
အီကွေဒေါတွင် အလုပ်သမားသမဂ္ဂများဦးဆောင် ဆန္ဒပြ   
Donate to DVB

အီကွေဒေါသမ္မတ ဒန်နီယယ်နိုဘိုအာရဲ့ အစိုးရအဖွဲ့က လုပ်ဆောင်နေတဲ့ အလုပ်သမား ပြုပြင် ပြောင်းလဲရေး၊ ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ တိုင်းပြည်တွင်း မလုံခြုံမှုတွေ တိုးလာနေတာကို မကျေနပ်ကြောင်းပြသဖို့ မတ် ၁၃ ရက်က မြို့တော်ကွီတိုမှာ လူတွေ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ ကြပါတယ်။

အီကွေဒေါ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်မှာ ထုတ်ပြန်လိုက်တဲ့ "MDT-2026-059" အမိန့်သစ်ကြောင့်  အလုပ်သမားသမဂ္ဂ (FUT) နဲ့ ဆရာ၊ ဆရာမများသမဂ္ဂ (UNE) တို့လို ထင်ရှားတဲ့ လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။

လမ်းမပေါ်မှာလည်း ရဲတပ်ဖွဲ့ဝင် အများအပြားချထားကာ လုံခြုံရေးတင်းကျပ်ထားပြီး ဆန္ဒပြသူ တွေက “နိုဘိုအာထွက်” ဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ကာ အော်ဟစ်ခဲ့ကြပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က လူစုခွဲဖို့ မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုခဲ့ပြီး လေထုထဲမှာ ဂတ်စ်အနံ့တွေ ပြည့်နေခဲ့ပါတယ်။

ဆန္ဒပြသူတွေဘက်ကလည်း အမေရိကန်အလံတွေကို မီးရှို့ပြီး အလုပ်အကိုင် မတည်မငြိမ်ဖြစ်နေမှု ကို ဖော်ပြတဲ့ စာတန်းတွေ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။

အစိုးရမူဝါဒတွေကြောင့် အလုပ်လက်မဲ့ပြဿနာ ပိုဆိုးလာပြီး အများပြည်သူ ဝန်ဆောင်မှုတွေမှာ လည်း အားနည်းမှုတွေ ပိုများလာတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ 

Popular Front အဖွဲ့ဥက္ကဋ္ဌ နယ်လ်ဆင်အဲရာဇိုကတော့ နိုဘိုအာအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး “ဒီကနေ့ ဆန္ဒပြရတာက  အီကွေဒေါ ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ အလုပ်လက်မဲ့ ပြဿနာတွေ၊ ဆေးဝါးမရှိသူများ၊ ကျန်းမာရေးစောင့်ရှောက်မှု မရရှိနိုင်သူတွေကို ထိခိုက်စေတဲ့ မူဝါဒအားလုံးကို ပယ်ဖျက်ပစ်မဲ့ လုပ်ဆောင်ချက်အသစ်တွေရဲ့ အစပျိုးမှုပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ 

"MDT-2026-059" အမိန့်သစ်အရ အလုပ်ရှင်က အလုပ်ချိန်တွေကို ပြောင်းလွယ်ပြင်လွယ်ရှိအောင် စိတ်ကြိုက် လုပ်ဆောင်နိုင်တာဖြစ်ပြီး အလုပ်သမားအဖွဲ့တွေဘက်ကတော့ ဒီစည်းမျဉ်းကြောင့် အလုပ်အကိုင် တည်ငြိမ်မှု လျော့နည်းလာမယ်လို့ စိုးရိမ်နေကြပါတယ်။

အမိန့်သစ်အရ တပတ်ကို နာရီ ၄၀ အလုပ်လုပ်ရမဲ့ စနစ်ကို တနေ့ ၁၀  နာရီနှုန်းနဲ့ ၅ ရက်ခွဲပြီး အရင်က တရက်ကို အလုပ်ချိန် ၈ နာရီကျော်ရင်ပေးရမဲ့ အချိန်ပိုကြေးကို အလုပ်ရှင်ဘက်က မပေးဘဲ ရှောင်ကွင်းသွားနိုင်တယ်လို့ တွက်ချက်ကာ စိုးရိမ်တာလည်း ပါဝင်ပါတယ်။

အူနီဒက် ပေါ်ပြူလာပါတီ ဒါရိုက်တာ ဂီယိုဗာနီအာတာရီဟွာနာကတော့ “ဒါက နိုင်ငံတဝန်း မြို့ အသီးသီးမှာ ဆက်တိုက် ဆန္ဒပြမှုတွေ စတင်မဲ့အစဖြစ်ပါတယ်။ အလုပ်တွေကို မတည်မငြိမ်ဖြစ် စေမဲ့ ပြုပြင်ပြောင်းလဲမှုကို ကျနော်တို့ လက်မခံနိုင်ပါဘူး”လို့ ပြောပါတယ်။

အတိုက်အခံအဖွဲ့တွေကတော့ အစိုးရဘက်က သူတို့ရဲ့ စီးပွားရေးမူဝါဒတွေကို ပြန်မသုံးသပ်ဘူး ဆိုရင် နောက်ရက်တွေမှာလည်း ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ ကြေညာထားပါတယ်။

Source: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013