DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ရှိ စီမံကိန်းအကျိုးအမြတ်များကို ပြည်နယ်အစိုးရ စီမံခန့်ခွဲခွင့်တောင်းဆို
DVB
·
December 26, 2014
ရခိုင်ပြည်နယ်ရှိ စီမံကိန်းအကျိုးအမြတ်များကို ပြည်နယ်အစိုးရ စီမံခန့်ခွဲခွင့်တောင်းဆို
Donate to DVB

ရွှေဂတ်စ်စီမံကိန်းအပါအ၀င် ရခိုင်ပြည်နယ်ရှိ တခြားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေက ရတဲ့အကျိုးအမြတ်တွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တိုက်ရိုက်စီမံခန့်ခွဲပိုင်ခွင့်နဲ့  စီမံကိန်း အားလုံးရဲ့ အကျိုးအမြတ် တ၀က်တိတိကို ဒေသတခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုခွင့် ပေးဖို့ ရခိုင်ပြည်နယ်သားတွေက တောင်းဆိုလိုက်ပါတယ်။

10299428_593042674127190_2095504116_nရခိုင်အမျိုးသားကွန်ရက် (ကျောက်ဖြူမြို့) ဆက်စပ်ညှိနှိုင်းရေးမှူး ဦးထွန်းလွင်က  ကျောက်ဖြူအမျိုးသားညီလာခံက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်တာလို့ ပြောပါတယ်။

သူက “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီဟာနဲ့ပတ်သက်လို့ မရှိပေမယ့် သိပ်ဆင်းရဲမွဲတေနေတဲ့ ရခိုင်ကို ရခိုင်ကထွက်တဲ့ ပစ္စည်းတွေကို ၅၀ ရာခိုင်နှုန်းပေးပြီးမှ တည်ဆောက်ရမယ်။ ဒီဟာတွေကို ပေးတဲ့အခါလည်းပဲ ဗဟိုချုပ်ကိုင်မှုကို လျော့ချပြီးမှ ပြည်နယ်အစိုးရကတဆင့် ကိုင်တွယ်ပြီးမှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ရမယ်ဆိုပြီးတော့မှ ကျနော်တို့ တောင်းဆိုတယ်” လို့ ပြောပါတယ်။

သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုဆိုင်ရာနှင့် ပတ်သက်၍ ရခိုင်ပြည်သူတွေ ကိုယ်ပိုင်စီမံခန့်ခွဲ ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အခိုင်အမာထည့်သွင်းပြဋ္ဌာန်းပေးဖို့ တောင်ဆိုထားသလို  ရခိုင်ပြည်နယ်အတွင်း စီမံကိန်းအားလုံးကနေ ရရှိတဲ့ အကျိုးအမြတ်၊  ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ နားလည်မှုစာချွန်လွှာ (MoU) တွေ၊ ထုတ်လုပ်မှုဆိုင်ရာခွဲဝေမှုစာချုပ် (PSC) တွေကို အများပြည်သူကို   ပွင့်လင်းမြင်သာစွာ ချပြဖို့ ပြည်ထောင်အစိုးရကို တောင်းဆိုထားပါတယ်။

ရွှေသဘာဝဓာတ်ငွေ့ကိုအသုံးပြုပြီး ရခိုင်ပြည်နယ်တ၀န်း မြို့ပြနှင့် ကျေးလက်ဒေသတွေမှာ  မြန်မာ ပြည်မနဲ့တူညီတဲ့ ဈေးနှုန်းနဲ့ ၂၄ နာရီ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ပြုဖို့လည်း တောင်းဆိုထားပါတယ်။

အစိုးရအဆက်ဆက် ရခိုင့်ပြည်သူလူထုဆန္ဒမပါရှိဘဲ အကောင်အထည်ဖော်တဲ့  စီမံကိန်းတွေက   ရခိုင်ပြည်သူတွေရဲ့လူမှုစီးပွားအပေါ် အကျိုးသက်ရောက်မှုတွေနဲ့ နစ်နာဆုံးရှုံးမှုတွေ၊  တောတောင် သဘာဝ၊ ဂေဟစနစ် ထိခိုက်ပျက်စီးမှုတွေကို ဆွေးနွေးခဲ့ပါတယ်။

တပ်မတော်၊ စီးပွားရေး လုပ်ငန်းရှင်ခရိုနီတွေနဲ့ ကုမ္ပဏီအချို့က ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေ သိမ်းဆည်းထားမှု အခြေအနေ၊ မြန်မာ့နိုင်ငံရေးအချိုးအပြောင်းကာလရဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်နေမှု အခြေအနေတွေကိုလည်း သုံးသပ်ခဲ့ကြပါတယ်။

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် မဖော်ဆောင်နိုင်သေးသရွေ့၊့ ရခိုင်ပြည်နယ်ထဲက ပြည်သူ့ဆန္ဒမပါဘဲ လျာထားလုပ်ကိုင်ဆောင်ရွက်နေတဲ့ လေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်း ၊ကုလားတန်မြစ်ကြောင်းစီမံကိန်း၊ တိုက်တေနီယမ် ထုတ်လုပ်မှုစီမံကိန်း (ရသေ့တောင်နှင့် မောင်းတောမြို့နယ်)၊ စိုင်းတင် ( ရေအားလျှပ်စစ်စီမံကိန်း)၊ နေပူတောင်စီမံကိန်း (တောင်ကုတ်မြို့နယ်)၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ပုဏ္ဏားကျွန်းစက်မှုဇုန်၊ ဟိုတယ်ဇုန်နှင့် စိုက်ပျိုးမွေးမြူရေးစီမံကိန်း (မာန်အောင်မြို့နယ်)၊ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း(သံတွဲမြို့နယ်)၊ အမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်း (အမ်းမြို့နယ်)၊ ကျောက်ဖြူ-ကူမင်းရထားလမ်း၊ မြဒေးကျွန်း ရေနက်ဆိပ်ကမ်းစီမံကိန်းတွေကို အမြန်ဆုံးရပ်တန့်ထားဖို့ လည်း တောင်းဆိုထားပါတယ်။

ဒီလို ပြည်နယ်တွင်း စီမံကိန်းကြီးတွေ ရပ်တန့်ဖို့တောင်ဆိုချက်နဲ့ ပတ်သက်လို့ ဦးထွန်းလွင်က “နေပူတောင်လိုစီမံကိန်း၊ လေးမြို့လို စီမံကိန်းတွေက ဒေသခံတွေကို ပွင့်ပွင့်လင်းလင်းချပြတာလည်း ဘာမှ မရှိဘူး။ အခုဆို နေပူတောင်က ကျောက်တွေထုတ်ပြီးမှ ဒေသခံတွေ အကျိုးမရှိပဲထုတ်နေတယ်။  မယူမြစ်က တိုက်တေနီယမ်ပါတဲ့ သဲထုတ်ယူတဲ့ကိစ္စ၊ ကျောက်ဖြူစီးပွားရေးဇုန်ဆိုရင် မြေယာပြဿ  နာတွေအရမ်းတက်နေတယ်။ ဒေသခံတွေက များသောအားဖြင့် ဒီမြေတွေကို မိရိုးဖလာအရပဲ ပိုင်ကြတယ်၊ မှတ်ပုံတင်ထားတာ မရှိဘူး၊ ဆိုတော့ ဒါကို အခွင့်ကောင်းယူပြီးတော့မှ စက်မှုဇုန်ကြီးတွေ လာလုပ်မယ်ဆိုရင် ကျောက်ဖြူတ၀ိုက်မှာရှိတဲ့ ကျွန်းသူကျွန်းသားတွေ မြေတွေ ဆုံးရှုံးကြလိမ့်မယ်လေ။ ပုဏ္ဏားကျွန်းလည်း ဒီအတိုင်းပါပဲလေ။ မြဒေးကျွန်း ဆိပ်ကမ်းဆိုလည်းပဲ မကြာခင်မှာ ရေနံတင်သင်္ဘောကြီးတွေ ၀င်တော့မယ်လို့ပြောတယ် ဆိုတော့ ကျွန်းတ၀ိုက်မှာ ငါးခွင်တွေက ဆုံးရှုံးနေပြီ။ နောက်ဆို ပိုဆုံးရှုံးမယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ဒီဇင်ဘာလ (၁၇) ရက်မှ (၁၉) ရက်နေ့အထိ မြောက်ဦးမြို့မှာ ကျင်းပတဲ့ ‘ရခိုင့်သယံဇာတ အရင်း အမြစ်အုပ်ချုပ်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ရခိုင်အမျိုးသားညီလာခံက တင်မြှောက်တဲ့  ကိုယ်စားလှယ်တွေ၊ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေ၊ ရခိုင်ပြည်နယ် (၁၇) မြို့နယ်က လူမှုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ စုစုပေါင်း (၁၆၀) ဦးတက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013