
မြန်မာနိုင်ငံထဲမှာ လူ အယောက် ၁၀၀ မှာ ၆ ယောက်နှုန်း စစ်ဘေးရှောင်နေရပြီး ၂၀၂၆ ခုနှစ်ထဲမှာ လည်း စစ်ရှောင် ၇၀,၀၀၀ ကျော်ထပ်တိုးလာနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိ နှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
UNOCHA ရဲ့ မတ် ၉ ရက်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံထဲက လူ ၁၀၀ မှာ ၆ ယောက်နှုန်းဖြစ်တဲ့ ၃ ဒသမ ၆ သန်းကျော် စစ်ဘေးရှောင်နေရပြီး နိုင်ငံ့လူဦးရေကို ၅၅ သန်းနဲ့တွက်မယ်ဆိုရင် နေရပ် စွန့်ခွာရသူဦးရေက စုစုပေါင်း လူဦးရေရဲ့ ၇ ရာခိုင်နှုန်း နီးပါးဖြစ်နေပါပြီ။
၂၀၂၆ ခုနှစ် ၂ လအတွင်းမှာတင် စစ်ကိုင်းနဲ့ မကွေးဒေသတွေမှာ လူပေါင်း ၄၅,၀၀၀ ဝန်းကျင် စစ်ရှောင် ခဲ့ရပြီး မန္တလေး၊ ချင်း၊ ပဲခူး၊ မွန်၊ ရှမ်းတောင်နဲ့ ကချင်ပြည်နယ်ထဲကစစ်ရှောင်တွေပါဝင်ရင် ၇၀,၀၀၀ ကျော်အထိ ရှိနေတာပါ။
တဖက်မှာလည်း ၂၀၂၆ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေ ၂၃ ရာခိုင်နှုန်းသာ ရရှိထား တာကြောင့် မြေပြင်ကစစ်ဘေးရှောင်တွေအတွက် စိုးရိမ်စရာဖြစ်နေကြောင်း UN ကပြောသလို မြေပြင်မှာလည်း NGO တွေရဲ့ကူညီမှုတွေက မရှိသလောက်နည်းပါးလာနေတယ်လို့ အညာပစ်တိုင်း ထောင်လေးများအဖွဲ့ဝင် တယောက်ကပြောပါတယ်။
“နည်းတယ်ဆို တော်တော်သိသိသာသာကို မရှိတော့ဘူးပေါ့နော်။ ဒီနှစ်ပိုင်းမှာက စစ်ရှောင်ဦးရေ တွေက အရင်ကထက် ပိုပြီးတော့များလာတယ်ပေါ့နော်။ များလာတယ်ဆိုတာက အခု စစ်ကိုင်းတိုင်း အထဲကို ပိုပြီးတော့ထိုးစစ်တွေက သိသိသာသာကို ထိုးလာတယ်။ ယင်းမာပင်ခရိုင်အတွင်းမှာကို ပုလဲမြို့နယ်မှာ စစ်ရှောင်ဦးရေက ၃၀,၀၀၀ ကျော် ရှိတယ်ပေါ့နော်။ အခုချိန်ထိလည်း သူတို့တွေ ဘယ်လိုမျိုး နေထိုင်ရပ်တည်နေတယ်ဆိုတာကို ကျနော်တို့ ကိုယ်တိုင်ကိုက အလှမ်းဝေးတယ် ပေါ့နော်။ အဲဒီဘက်တွေကို မလှည့်နိုင်တဲ့ အနေအထားမျိုး ဖြစ်သွားတယ်ပေါ့နော်”
ပြီးခဲ့တဲ့နှစ်တွေတုန်းက UN အပါအဝင် NGO အဖွဲ့အစည်တွေကကူညီခဲ့စဉ်ကလည်း မြို့ပေါ်က အိမ်ထောင်စု ဇယားအတိုင်း ဆန်နဲ့ဆီတွေ လာဝေတာမျိုးအဖြစ်များခဲ့ပြီး တကယ် ဒုက္ခရောက် နေသူတွေက တောတောင်ထဲမှာဖြစ်လို့ ထိရောက်မှုနည်းခဲ့တယ်လို့ သူကသုံးသပ်ပါတယ်။
အခုလိုကိစ္စတွေဟာ စစ်တပ်က ကူညီထောက်ပံ့သူတွေကိုဟန့်တားတာ၊ အသွားအလာ တင်းကျပ် တာနဲ့ ပြည်တွင်းပရဟိတအဖွဲ့တွေကို မတည်ငွေထားရှိခိုင်းတာလိုမျိုး တင်းကျပ်မှုတွေကြောင့် လည်း ပါဝင်နေပါတယ်။
နိုင်ငံတကာအဖွဲ့တွေ လက်လှမ်းမမီတဲ့နေရာတွေနဲ့ NUG ထိန်းချုပ်နယ်မြေတွေမှာတော့ အဖွဲ့ပေါင်း စုံနဲ့ ချိတ်ဆက်ပြီး အကူအညီတွေရောက်ရှိအောင်ကြိုးပမ်းနေတယ်လို့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားစာနာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
"NUG က ထောက်ပံ့တာကတော့ ဘယ်လောက်ရာခိုင်နှုန်းဆိုတာတော့ပြောရခက်တယ်။ ဒါပေမဲ့ အဲဒီအရေးပေါ်ပေါ့နော် အရေးပေါ် ဥပမာ စစ်ပူတဲ့နေရာတွေပေါ့ အရေးပေါ်လိုအပ်ချက်တွေမှာတော့ စာရင်းရသမျှကိုတော့ ထောက်ပံ့နိုင်တာရှိတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ကျန်တဲ့နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မြေပြင်မှာရှိတဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပေးထားတဲ့ ကိစ္စတွေလည်းရှိတယ်ပေါ့နော်။ နောက်တချက်ကတော့ ရေရှည်စစ်ရှောင်ပါ။ အခုဆိုလို့ရှိရင် ရေရှည်စစ်ရှောင်က တဖြည်းဖြည်းနဲ့ များလာလိုက်တာ အခုဆိုလို့ရှိရင် တသန်းနီးပါးလောက် ထိအောင် ရောက်လာတယ်ပေါ့နော်။”
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့စာရင်းတွေအရ မြန်မာနိုင်ငံရဲ့ မြို့နယ် ၄ ပုံ ၁ ပုံဖြစ်တဲ့ ၇၉ မြို့နယ်မှာတင် နေရပ်ပြန်လို့မရတဲ့ ရေရှည်စစ်ရှောင် ၁ သန်းနီးပါးအထိရှိနေပြီး စစ်ရှောင် ဦးရေ ကလည်း နေ့စဉ်နဲ့အမျှတိုးလာနေတာပါ။
လူသားစာနာဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ် တနှစ်တည်းမှာတင် ရေရှည် နေရပ်စွန့်ခွာ ရသူနဲ့ လအလိုက် တိမ်းရှောင်ရသူ ၈၀,၀၀၀ ဝန်းကျင်အတွက် လစဉ် ငွေကျပ်သန်း ၂၇၀ လောက် ထောက်ပံ့ ပေးခဲ့တဲ့အကြောင်း ပြောပါတယ်။
ဒါပေမဲ့ UN အပါအဝင် လူမှုကူညီရေးအဖွဲ့တွေနဲ့ NUG တို့ရဲ့ အကူအညီတွေဟာ သန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေရဲ့လိုအပ်ချက်ကို ဘယ်လောက်အထိ ဖြည့်ဆည်းပေးနိုင်မလဲဆိုတာကတော့ စိုးရိမ်စရာ အခြေအနေမှာ ရှိနေတုန်းဖြစ်ပါတယ်။
စိုးသူအောင်











