DVB Logo
Home
မြန်မာသတင်း
ထိုင်း ဆာရာဘူရီကြက်သားစက်ရုံတွင် မြန်မာလုပ်သား ၈၀၀ ကျော်ကို လုပ်ခ ရှင်းမပေး
DVB
·
March 14, 2026
ထိုင်း ဆာရာဘူရီကြက်သားစက်ရုံတွင် မြန်မာလုပ်သား ၈၀၀ ကျော်ကို လုပ်ခ ရှင်းမပေး
Donate to DVB

ထိုင်းနိုင်ငံ ဆာရာဘူရီမြို့က ကြက်သားစက်ရုံမှာ မြန်မာလုပ်သား ၈၀၀ ကျော်ကို အလုပ်ရှင် သူဌေး က လုပ်ခ တလစာ ရှင်းမပေးသေးတဲ့အပြင် လစာပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားတွေကို ရဲခေါ်ကာ ခြိမ်းခြောက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဆာရာဘူရီမြို့နယ်က ကြက်သားထုတ်လုပ်ရေး စက်ရုံတခုမှာ မြန်မာအလုပ်သမား ၈၀၀ ကျော်ကို လုပ်အားခ မပေးဘဲ အချိန်ဆွဲထားတာကြောင့် အလုပ်သမားတွေ စုပေါင်းတောင်းဆိုခဲ့ရာ ဦးဆောင်သူ အလုပ်သမားတချို့ကို ရဲစခန်းခေါ်သွားပြီး ဖိအားပေး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားတွေရဲ့ ပြောကြားချက်အရ စက်ရုံဘက်က လုပ်အားခကို တလစာနီးပါး ရက်ပေါင်ကြေးအဖြစ် ဖြတ်ထားတဲ့အပြင် ၁၅ ရက်တကြိမ် ရှင်းပေးရမဲ့ လုပ်အားခ ၂ ကြိမ်စာကိုပါ မထုတ်ပေးဘူးလို့ ဆိုပါတယ်။

အဲ့ဒီလို လုပ်အားခ မရရှိတာကြောင့် အလုပ်သမားတွေ စားဝတ်နေရေး ခက်ခဲလာပြီး အခန်းခ မပေးနိုင်တဲ့အတွက် နေထိုင်ရာ နေရာတွေကနေ အခန်းရှင်တွေ မောင်းထုတ်တာ ကြုံနေရတယ်လို့ ပြောပါတယ်။

ဆန္ဒပြ အလုပ်သမားတယောက်က “၁၀ ရက် လုပ်အားခကို မထုတ်ပေးဘဲ ၁၀ ရက် wages က ပိုက်ဆံ ထွက်ပြီ။ ဒါပေမဲ့ သူက မထုတ်ပေးဘူး။ နောက်လုပ်အားခ ၂၅ ရက်ထွက်တဲ့အထိ မကဘူး လကုန်တဲ့အထိ ဖြစ်သွားတယ်။ မပေးတော့ ကျနော်တို့မှာ အခန်းခ ပေးစရာ မရှိတော့ အခန်းပိုင်ရှင် က မောင်းထုတ်တယ်။ နေစရာလည်း မရှိတော့ဘူး။ အဲဒီတော့ ကျနော်တို့တွေ အလုပ်သမား အကုန်လုံး စုပေါင်း တောင်းဆိုတယ်။ ကျနော်တို့ လုပ်အားခတွေကို ၂ wages လုံး ထုတ်ပေးပါ။ ကျနော်တို့ အခန်းမှာ ဒီလို ပေးမထားတော့ဘူးပြောတယ်။ ဒါကို သူက ပြောတယ် လုပ်အားခ ၂ wages စလုံး ထုတ်ပေးပြီးရင် နင်တို့ လူတွေကို မယူတော့ဘူးလို့ ပြောပြီး တအောင့်နေရင် ပုလိပ် လာမယ်ဆိုပြီး ပုလိပ်ကား ၄ စီး ခေါ်ပြီး ကျနော်တို့ကို ခြိမ်းခြောက်တယ်။ အလုပ်ထဲရောက်မှ ခေါ်ချတယ်။ ကျနော်တို့ကို အလုပ်သမားအားလုံးကို ဦးဆောင်တယ်ဆိုပြီး ၁၅ ယောက်ကို ပုလိပ်ရုံး ခေါ်သွားတယ်။ ဓာတ်ပုံရိုက်တယ်။ နာမည်နဲ့ ကတ်နံပါတ် ထိုးပြီး လုပ်ခိုင်းတယ်” လို့ ပြောပါတယ်။

အဲဒီ စက်ရုံမှာ အေရုံနဲ့ ဘီရုံ ၂ ရုံ ရှိပြီး အလုပ်သမားတွေဟာ ကြက်သားထုတ်လုပ်ရေးလုပ်ငန်း တွေမှာ လုပ်ကိုင်နေကြကာ တနေ့ကို ၃၅၇ ဘတ် လုပ်အားခ ရရှိပြီး အချိန်ပို (အိုတီ) မရှိဘဲ နေ့စား အလုပ်သမားအဖြစ် လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။ 

လစဉ်ဝင်ငွေ ၄,၀၀၀ ဘတ်ကနေ ၅,၀၀၀ ဘတ်ဝန်းကျင်သာ ရရှိတာကြောင့် နေထိုင်စရိတ် နုတ်ပြီး နောက် အချို့အလုပ်သမားတွေဟာ တလကို ဘတ် ၁,၅၀၀ ကနေ ၂,၀၀၀ ဝန်းကျင်သာ ကျန်တယ်လို့ သိရပါတယ်။

ဒီအခြေအနေကြောင့် မတ် ၁၀ ရက်မှာ အလုပ်သမား ၈၀၀ ကျော် စုပေါင်းပြီး အလုပ်ရုံ သူဌေးကို လုပ်အားခ ပေးချေဖို့ တောင်းဆိုခဲ့ကြပါတယ်။

အစပိုင်းမှာ အလုပ်ရှင်ဘက်က ဖြေရှင်းပေးမယ်လို့ ပြောခဲ့ပေမဲ့ မတ် ၁၂ ရက်မှာတော့ တောင်းဆိုမှု ကို ဦးဆောင်တဲ့ အလုပ်သမား ၁၅ ယောက်လောက်ကို ရဲကားတွေ ခေါ်ပြီး ရဲစခန်းကို ခေါ်သွား ခဲ့တယ်လို့ ဆိုပါတယ်။

MHAC  အဖွဲ့မှ အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “၁၀ ရက်နေ့မှာ အလုပ်သမား ၈၀၀ ကျော် တောင်းဆိုမှုဖြစ်တယ်။ အလုပ်သမား ၈၀၀ ကျော်ကို လုပ်အားခတွေ မပေးတဲ့အတွက်၊ ရက်ပေါင်ကြေးတွေ အဆမတန် ယူတယ်။ ထိုင်းနိုင်ငံမှာ ရက်ပေါင်ကြေးဆိုတာ မရှိတာကြာပြီ။ အရင်တုန်းကဆို ၅ ရက် ယူတဲ့ရုံ  ရှိတယ်။ ၁၀ ရက် ယူတဲ့ ရုံ ရှိတယ်။ ၁၅ ရက် ရုံ ရှိတယ်။ သက်သက် ယူတာပေါ့။ ထိုင်းဥပဒေထဲမှာ အလုပ်သမားဆီကနေ လုပ်အားခကို ရက်ပေါင်ကြေး ယူပိုင်ခွင့် လုံးဝ မရှိဘူး။ အလုပ်သမားတွေက လောလောဆယ်တော့ အလုပ်တော့ ဆင်းနေတယ်။ ဒါပေမဲ့ စိတ်ထဲမှာ ကျေနပ်မှုမရှိဘူး။ အလုပ်သမားတွေကို ရဲစခန်းခေါ် ဖိအားပေးတာ လုပ်တဲ့ အတွက် မကျေနပ်ပါဘူး။ ဒီတောင်းဆိုမှုမှာ ပါတဲ့အတွက် အလုပ်သမားတွေကို အလုပ်ဖြုတ်မယ် ဆိုပြီး ပြောတယ်” လို့ ပြောပါတယ်။

ရဲစခန်းကို ခေါ်ဆောင်သွားတဲ့ အလုပ်သမားတွေကို ဓာတ်ပုံရိုက်ယူပြီး ကိုယ်ရေးအချက်အလက်တွေ မှတ်တမ်းတင်ထားကာ ဖိအားပေး ခြမ်းခြောက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ လုပ်ငန်းခွင်အတွင်း အခွင့်အရေး ချိုးဖောက် ခံရတာတွေ၊ လုပ်အားခ မပေးတာတွေ၊ အလုပ်သွင်းပေးခ (စမတ်ကြေး) အဆမတန် တောင်းခံတာတွေအပါအဝင် ပြဿနာမျိုးစုံ ကြုံတွေ့နေရတယ်လို့ အလုပ်သမားအရေး ကူညီပေးသူ တွေက ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံတွင်းမှာ မြန်မာနိုင်ငံသား ၇ သန်းနီးပါး ပုံစံမျိုးစုံနဲ့ နေထိုင် လုပ်ကိုင်နေကြပြီး စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ CDM လှုပ်ရှားမှုနဲ့ စစ်မှုထမ်းဥပဒေ ကြောင့် တိမ်းရှောင်လာသူတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ 

ဇွဲသစ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013