DVB Logo
Home
မြန်မာသတင်း
ဖလူးကျေးရွာကို စစ်တပ်က လက်နက်ကြီးပစ်ခတ်၊ တရုတ်နိုင်ငံသား ၃ ဦးသေဆုံးပြီး ဒေသခံအချို့ ဒဏ်ရာရ 
DVB
·
March 13, 2026
ဖလူးကျေးရွာကို စစ်တပ်က လက်နက်ကြီးပစ်ခတ်၊ တရုတ်နိုင်ငံသား ၃ ဦးသေဆုံးပြီး ဒေသခံအချို့ ဒဏ်ရာရ 
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာရှိ ကာစီနိုရုံနဲ့ ကျားဖြန့်ဝင်းထဲကို မတ် ၁၃ ရက် ဒီမနက် ၉ နာရီကျော်လောက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တရုတ်နိုင်ငံသား ၃ ယောက် သေဆုံးပြီး DKBA တပ်ဖွဲ့ဝင် ၂ ယောက် အပါအဝင် ဒေသခံတွေ ၁၀ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်က ပြောပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေထဲက ကျွန်းတော အွန်လိုင်းငွေလိမ် ကျားဖြန့်ဆိုက်ထဲကို စစ်တပ်က စွယ်တော်ကုန်းဗျူဟာကနေ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

DKBA သတင်းရင်းမြစ်က “ကျနော်တို့ ရဲဘော်တွေကော ရွာသားတွေကော ထိတာရှိတယ်။ ရဲဘော် ၂ ယောက်တော့ ဒဏ်ရာရတယ်။ ရွာသားတွေလည်း ဘယ်နှယောက်ဆိုတာတော့ အတိအကျ မသိဘူး။ တရုတ်လည်း အတိအကျမသိဘူး။ ကျနော်တို့က စစ်ဘက်ဆိုင်ရာမို့ ရဲဘော်တွေ အသေအပျောက်အရှ အဲဒါတွေပဲ သိရတယ်။ အဲဒီဘက်ကို လက်နက်ကြီးတွေက အမြဲတမ်း ကျွံတယ်လေ” လို့ ပြောပါတယ်။

စစ်တပ်က ရည်ရွက်ချက်ရှိရှိနဲ့ ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် တရုတ်နိုင်ငံသား  အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတယောက် စုစုပေါင်း ၃ ယောက် သေဆုံးသွားတယ်လို့  နယ်စပ်သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ဒေသခံတွေနဲ့ နိုင်ငံခြားသားတွေ အပါအဝင် ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိသွားလို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနက လွှဲပြောင်းကုသပေးနေတယ်လို့လည်း သိရပါတယ်။

အခုရက်ပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်၊ လေယာဉ်နဲ့ ဗုံးကြဲမှုတွေကြောင့်  ကျေးရွာထဲ ဘုရားကျောင်းနဲ့ စေတီတွေ ထိမှန်တာရှိသလို လက်နက်ကြီးကျည်တချို့လည်း ထိုင်းနိုင်ငံဘက် ကျရောက်ပေါက်ကွဲတာတွေလည်း ရှိပါတယ်။

မတ်လ ပထမပတ်ကစပြီး ဝေါလေလမ်းပိုင်းကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ ရယူပြီး ထိုးဖောက်ဖို့ ကြိုးစားနေတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာအပြင် လေကြောင်းရန်ကို စိုးရိမ်ပြီး လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ သောင်းရင်းမြစ် တဘက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013