DVB Logo
Home
မြန်မာသတင်း
အာရက္ခတပ်တော်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပြော
DVB
·
March 13, 2026
အာရက္ခတပ်တော်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပြော
Donate to DVB

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရနဲ့ အာရက္ခတပ်တော် (AA)တို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြပြီး အိန္ဒိယအစိုးရ တည်ဆောက်နေတဲ့ ကုလားတန်စီမံကိန်းကိုလည်း အာရက္ခ တပ်တော်က ထိန်းချုပ်ထားတယ်လို့ မတ် ၁၁ ရက်က မီဇိုရမ်ပြည်နယ် လွှတ်တော်မှာ ပြည်နယ်ဝန်ကြီးချုပ် လယ်ဒူဟိုးမားက ပြောကြားလိုက်တယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနတွေ က ဖော်ပြပါတယ်။

အိန္ဒိယအစိုးရက တည်ဆောက်နေတဲ့ ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) ကို ၂၀၂၇ ခုနှစ်မှာ ပြီးမြောက်ဖို့ မျှော်မှန်းထားပြီး မြန်မာနိုင်ငံအတွင်းက စီမံကိန်း အစိတ်အပိုင်းတွေဟာ မြန်မာအစိုးရထိန်းချုပ်မှုအောက်မှာ ရှိနေတာမဟုတ်ဘဲ အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာသာ ရှိနေတာလို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က လွှတ်တော်မှာ ပြောကြား လိုက်တာပါ။

အာရက္ခတပ်တော်အနေနဲ့လည်း ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) အမြန်ဆုံးပတ်လည်နိုင်ရေးအတွက် စိတ်ဝင်တစား ရှိနေတယ်လို့လည်း သူက လွှတ်တော်တွင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်နယ်စပ်ကနေတဆင့် မြန်မာနိုင်ငံဘက်ကို တရားမဝင် ကုန်သွယ်မှု တိုးလာနေတာဟာ အလွန်စိုးရိမ်စရာတခု ဖြစ်လာတယ်လို့ မီဇိုရမ်ဝန်ကြီးချုပ်က ပြောပါတယ်။

အဲဒီကုန်သွယ်မှု လမ်းကြောင်းတွေဟာ တရားဝင်ခွင့်ပြုထားတာ မဟုတ်သလို ထိန်းချုပ်နိုင်ဖို့ အတွက်လည်း နယ်စပ်ဒေသမှာ မြန်မာအစိုးရရဲ့ ထိန်းချုပ်မှု မရှိတော့တဲ့အတွက် ခက်ခဲမှုတွေ ရှိနေတယ်လို့ သူက သတိပေးခဲ့ပါတယ်။

အဲဒီနယ်စပ်မှာ တရားမဝင် ကုန်သွယ်မှုနဲ့ မြန်မာနိုင်ငံဘက်က လူတွေ ဝင်ရောက်မှုကို ထိန်းချုပ်နိုင်ဖို့ ဒေသတွင်း အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ကျေးရွာအာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ် တို့ကို အသိပေးထားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီက ကုန်စည်စီးဆင်းခွင့် ကန့်သတ်ထားတာကြောင့် လိုအပ်တဲ့ စားသောက်ကုန်၊ ဆေးဝါးနဲ့ စက်သုံးဆီ တွေကို မီဇိုရမ်ပြည်နယ်က တင်သွင်းနေကြတာလည်း ဖြစ်ပါတယ်။

အိန္ဒိယအစိုးရ တည်ဆောက်နေတဲ့ ကုလားတန်စီမံကိန်း ဖြတ်သန်းတဲ့ ပလက်ဝ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တောမြို့နယ်တို့ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားတာဖြစ်ပြီး စစ်တွေမြို့က ဆိပ်ခံတံတားတခုသာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိတော့ပါတယ်။

Source: Tribal Mirror

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013