
ထိုင်းနိုင်ငံရဲ့ ၄၃ ခရိုင်ထဲမှာ ၂၄ နာရီအတွင်း မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီကနေ့ (မတ် ၁၃ ရက် ) မနက် ၆ နာရီမှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဘက်ကလာတဲ့ အနောက်လေစီးကြောင်းဟာ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသကို ဆက်လက် ဖုံးလွှမ်းနေတဲ့အပြင် တရုတ်နိုင်ငံဘက်က လေဖိအားအသင့်အတင့်နဲ့ အအေးလှိုင်းတွေဟာ ထိုင်းအရှေ့မြောက်ပိုင်း၊ ထိုင်းအရှေ့ပိုင်းနဲ့ အလယ်ပိုင်း (အရှေ့ခြမ်း ) နဲ့ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းတိုက်ခတ်နေပါတယ်။
ဒီအခြေအနေတွေကြောင့် ထိုင်းမြောက်ပိုင်း၊ အရှေ့ပိုင်း၊ အလယ်ပိုင်း၊ ဘန်ကောက်နဲ့ အနီးတဝိုက် အပါအဝင် ခရိုင်ပေါင်း ၄၃ ခရိုင်မှာ မိုးသက်လေပြင်းကျရောက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီး ကြွေခြင်းစတဲ့အပူပိုင်းမုန်တိုင်းလက္ခဏာတွေ ကြုံတွေ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အဆိုပါဒေသနေ ပြည်သူတွေအနေနဲ့ ဟင်းလင်းပြင်နေရာတွေ၊ ခိုင်ခံ့မှုမရှိသော အဆောက်အအုံ၊ ကြော်ငြာဆိုင်းဘုတ်တွေ၊ သစ်ပင်ကြီးအောက် စသည်တို့မှ နေထိုင်ခြင်းကို ရှောင်ကြည်ဖို့၊ တောင်သူလယ်သမားတွေအနေနဲ့ လယ်ယာထွက်သီးနှံ နဲ့ မွေးမြူရေးတိရစ္ဆာန် ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်ဖို့၊ ရာသီဥတုကူးပြောင်းတဲ့ကာလမှာ ကျန်းမာရေးဂရုစိုက်ကြဖို့ တိုက်တွန်းထားပါတယ်။
ထိုင်းပင်လယ်ကွေ့၊ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ အန်ဒမန်ပင်လယ်တို့ကို အရှေ့ဘက်နဲ့ အရှေ့မြောက် လေတွေက ဖုံးလွှမ်းထားတာာကြောင့် ထိုင်းတောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုး ပစ်ခြင်းတွေ ကြုံတွေ့ရနိင်တယ်။
ထိုင်းပင်လယ်ကွေ့အောက်ပိုင်းမှ လှိုင်းအသင့်အတင့် ဖြစ်ထွန်းမယ်၊ လှိုင်းအမြင့် ၁ မီတာ မှ ၂ မီတာ ထိ တက်နိုင်ပြီး မုန်တိုင်းဝင်တဲ့နေရာမှာ လှိုင်းအမြင့် ၂ မီတာကျော်ရှိနိုင်တယ်၊ ဒါကြောင့် ပင်လယ်ပြင်လှေထွက်ခြင်းကို ရှောင်ကြဉ်သင့်တယ်လို့ သတိ ပေးထုတ်ပြန်ပါတယ်။
ဒေသအလိုက်အပူချိန်တွေကတော့ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ လမ်းဖွန်း၊ လမ်းပန်း၊ ဖယောဝ်း၊ နန့်၊ တာ့ခ်၊ ဆုခိုထိုင်း၊ ကမ်ဖိုင်ဖစ်၊ ဖိကျစ်၊ ဖစ်ချဘွန်း စတဲ့ခရိုင် တွေမှာ ဒေသရဲ့ ၃၀ ရာခိုင်နှုန်း မိုးသက်လေပြင်းကျပြီး အချို့နေရာ မိုးသီးပါကြွေနိုင်တယ်၊ အပူချိန် အနိမ့်ဆုံး ၁၆ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်ထိရှိပြီး အရှေဘက်လေဟာ တနာရီလျှင် ၁၀ မှ ၂၀ ကီလိုထိ တိုက်ခတ်နိုင်မယ်လို့ ဆိုပါတယ်။
အရှေ့မြောက်ပိုင်း လွေး၊ နောင်ခိုင်၊ ချိုင်းယဖုမ်း နဲ့ နခွန်းရာ့ချ်ဆီမားစတဲ့ခရိုင်တွေမှာ ဒေသရဲ့ ၁၀ ရာခိုင်နှုန်း မိုးရွာသွန်းဖွယ်ရှိတယ်၊ အနိမ့်ဆုံးအပူချိန် ၁၅ ဒီဂရီစင်တီဂရိတ်မှ ၃၃ ဒီဂရီစင်တီဂရိတ်ထိ ရှိပြီး အရှေမြောက်ဘက်လေဟာ တနာရီလျှင် ၁၅ မှ ၃၀ ကီလိုမီတာအထိ တိုက်ခတ်နိုင်ပါတယ်။
အလယ်ပိုင်း နခွန်းဆဝမ်၊ ဿထိုင်းဌာနီ၊ အယုဒ္ဓယ၊ လုပ်ပူရီ၊ ဆရပူရီ၊ ကန်ကျနပူရီ၊ ဆုဖန်းပူရီ၊ ရာ့ချ်ပူရီ၊ နခွန်းပထုန်၊ စမွတ်စခွန်း၊ စမွတ်ဆုန်ခမ်းစတဲ့ခရိုင်တွေမှာ ဒေသရဲ့ ၃၀ ရာခိုင်နှုန်း နေ့ခင်းဘက်ပူပြင်းပြီး မိုးသက်လေပြင်းကျခြင်း၊ မိုးသီးကြွေခြင်းရှိနိုင်တယ်၊ အနိမ့်ဆုံး အပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်မှ ၃၆ ဒီဂရီစင်တီဂရိတ်ထိ ရှိပြီး အရှေ့မြောက်ကလာတဲ့ လေဟာ တနာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာအထိ တိုက်ခတ်နိုင်ပါတယ်။
အရှေပိုင်း နခွန်းနာယုဒ်၊ ပရာကျင်းပူရီ၊ လုပ်ပူရီ၊ လယောင်း၊ ကျန်ထပူရီနဲ့ တရတ်ခရိုင်တွေမှာ ဒေသရဲ့ ၃၀ ရာခိုင်နှုန်း မိုးသက်လေပြင်းကျရောက်နိုင်တယ်၊ အနိမ့်ဆုံး အပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ်မှ ၃၄ ဒီဂရီစင်တီဂရိတ်ထိ ရှိပြီး အရှေ့မြောက်ကလာတဲ့ လေဟာ တနာရီလျှင် ၁၅ မှ ၃၀ ကီလိုမီတာအထိ တိုက်ခတ်နိုင်မယ်။ ပင်လယ်ပြင်လှိုင်းအမြင့် ၁ မီတာ မှ ၂ မီတာအထိ မြင့်တက်နိုင်ပါတယ်။
တောင်ပိုင်း ပကျုပိခီရီခန်၊ ချွန်းဖွန်း၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ ရနောင်း၊ ဖန်င၊ ဖူးကက်၊ ကရပီ စတဲ့ခရိုင်တွေမှာ ဒေသရဲ့ ၄၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်တယ်။ အနိမ့်ဆုံးအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်ထိရှိပြီး အရှေ့မြောက်ကလာတဲ့ လေဟာ တနာရီလျှင် ၁၅ မှ ၃၀ ကီလိုမီတာ အထိ တိုက်ခတ်နိုင်မယ်။ ပင်လယ်ပြင်လှိုင်းအမြင့် ၁ မီတာ မှ ၂ မီတာထိ မြင့်တက်နိုင်ပါတယ်။
ဘန်ကောက်နဲ့ အနီးတဝိုင်ဧရိယာမှာ ဒေသရဲ့ ၃၀ ရာခိုင်နှုန်း မိုးသက်လေပြင်း ကျရောက်နိုင်တယ်။ အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်ထိရှိပြီး အရှေ့မြောက်ကလာတဲ့ လေ ဟာ တနာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာအထိ တိုက်ခတ်နိုင်ပါတယ်။
မတ် ၁၄ မှ ၁၈ ထိ အတောအတွင်း တနိုင်ငံလုံး မိုးရွာသွန်းမှုနည်းပါးသွားပြီး အပူချိန် မြင့်လာမယ် လို့ ဆိုပါတယ်။
Source: TMD ထိုင်းမိုးဇလ / Bangkok Insight News











