
အီရတ်နိုင်ငံမြောက်ပိုင်း အဲဘယ်လ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတခုအတွင်း ပြင်သစ်စစ်သား တယောက် ကျဆုံးခဲ့တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က မတ် ၁၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
ဗားစ်အခြေစိုက် အမှတ် ၇ အဲလ်ပင်းန်ရှက်ဆာတိုက်ခိုက်ရေးတပ်ရင်းက အရာခံဗိုလ် အားနို့ ဖှရီယွန် ဟာ အီရတ်နိုင်ငံ အဲဘယ်လ်ဒေသက တိုက်ခိုက်မှုတခုအတွင်းမှာ ပြင်သစ်နိုင်ငံအတွက် ကျဆုံး ခဲ့တယ်လို့ နိုင်ငံတော်အကြီးအကဲက လူမှုကွန်ရက် X မှာ ရေးသားဖော်ပြပါတယ်။
ဒါ့အပြင် ဒီတိုက်ခိုက်မှုကြောင့် တခြား ပြင်သစ်စစ်သည်တချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သမ္မတ မက်ခရွန်က ထုတ်ပြန်ပါတယ်။
“၂၀၁၅ ခုနှစ်ကတည်းက ISIS အကြမ်းဖက်အဖွဲ့ကို တိုက်ဖျက်ရာမှာပါဝင်ခဲ့တဲ့ ပြင်သစ်တပ်ဖွဲ့တွေ ကို တိုက်ခိုက်မှုဟာ လက်ခံနိုင်စရာ မရှိပါဘူး”လို့ သမ္မတက ပြင်းပြင်းထန်ထန် တုံ့ပြန် ထားပါတယ်။
အီရတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ပြင်သစ်တပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက်ပဲ သီးသန့် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် အခုလို တိုက်ခိုက်မှုမျိုးကို လုပ်ဆောင်ဖို့ ဆင်ခြေပေးလို့ မရဘူးလို့လည်း ပြောပါတယ်။
ပြင်သစ်စစ်တပ်ကတော့ အဲဘယ်လ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုအတွင်း အီရတ်စစ်တပ် ကို လေ့ကျင့်ပေးနေတဲ့ ပြင်သစ်စစ်သား ၆ ယောက်ဒဏ်ရာရရှိခဲ့ကြောင်း မတ် ၁၂ ရက်ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Source: Reuters











