DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲပြီးနောက်ပိုင်း စစ်တပ်က နိုင်ငံအနှံ့ အကြိမ် ၆၀၀ ခန့် ဗုံးကြဲတိုက်ခိုက်
DVB
·
March 13, 2026
ရွေးကောက်ပွဲပြီးနောက်ပိုင်း စစ်တပ်က နိုင်ငံအနှံ့ အကြိမ် ၆၀၀ ခန့် ဗုံးကြဲတိုက်ခိုက်
Donate to DVB

စစ်ကောင်စီက ရွေးကောက်ပွဲတွေ လုပ်ခဲ့တာ ၃ လမပြည့်သေးဘဲ အဲဒီ ကာလတိုလေးအတွင်းမှာ စစ်တပ်က နိုင်ငံနေရာအနှံ့ကို အကြိမ် ၆၀၀ နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ အယောက် ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့  DVB က စုဆောင်းထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

စစ်တပ်က လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူထောက်ခံမှုရတဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထားပြီးတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်း ကစပြီး ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပခဲ့တာပါ။

ဒါပေမဲ့ တဘက်မှာလည်း ရွေးကောက်ပွဲကာလတောင် မရှောင်ဘဲ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်ပြီး ဆက်လုပ်နေခဲ့ပါတယ်။

DVB က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ ရွေးကောက်ပွဲစတင်တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကနေ မတ် ၁၂ ရက်အထိ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၅၉၃ ကြိမ်ရှိခဲ့ပြီး အရပ်သား ၅၁၆ ယောက် သေဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေပြင်းထန်တဲ့ ရခိုင်ပြည်နယ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ အများဆုံးဖြစ်ပြီး စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတွေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလို့ ပြုလုပ်လာပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၅ ယောက်နဲ့အထက် သေဆုံးခဲ့တဲ့ အစုလိုက် အပြုံလိုက် သေဆုံးမှုပေါင်း ၁၄ ကြိမ်အထိ ဖြစ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာက ဈေးဆိုင်တန်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၄ ယောက် အပါအဝင် ပြည်သူ ၁၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ဒေသက ပြည်သူတွေဟာ တိုက်ပွဲတွေအကြား ထွက်ပြေးတိမ်းရှောင်နေကြရင်း အသက်ရှင်ဖို့ ‌လေကြောင်းအန္တရာယ်ကြားမှာ နေထိုင်နေကြရပါတယ်။

ပုဏ္ဏားကျွန်းဒေသခံတယောက်က “လေယာဉ်ဆိုရင် ကတုတ်ကျင်းထဲ ပြေး၀င်နေကြပြီ။ ခရီးသည်လား၊ ဂျက်လား အရင်ကလို စောင့်ကြည့်စရာ အချိန်တောင်မရှိဘူး။ ပြေးတာ နောက်ကျရင် ငါ သေမယ်ဆိုပြီးတော့ပေါ့၊ အဲဒီလောက်ထိ စိုးရိမ်မှုတွေရှိတယ်။ လေကြောင်းရန် ကာကွယ်ရေးကတော့ နားပဲ စွင့်ထားရတာပေါ့။ လာရင် ထပြေးပြီး တွင်းထဲ ခုန်ဆင်းလောက်ပဲ တတ်နိုင်တယ်။ ပစ်သွားရင် ပြန်တက်ပေါ့။ ကျန်တာကတော့ ကိုယ့်ကံပေါ့” လို့ ပြောပါတယ်။

မတ် ၈ ရက်ကလည်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသက စစ်သုံ့ပန်း အကျဉ်း စခန်းကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အကျဉ်းသား ၁၁၆ ယောက် သေဆုံးခဲ့ပြီး ၃၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တာတွေအပြင် တချိန်က သူတို့ကို အကျိုးပြုခဲ့တဲ့ သူတို့ရဲ့ စစ်သားဟောင်းတွေကိုပါ ရန်သူလို့ သဘောထားပြီး ဗုံးကြဲ သတ်ဖြတ် နေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ 

“စစ်သုံ့ပန်းတွေ ဆိုတာလည်း တချိန်က သူတို့ကို အကျိုးပြုခဲ့တဲ့ စစ်သားတွေပဲလေ။ ဒါကိုလည်း သူတို့ကြဲတယ်။ အမ်းမှာဆို စစ်သုံ့ပန်းစခန်းတွေကို ကြဲတာ ၅ ကြိမ်ရှိသွားပြီ။ ဒါကိုလည်း သူတို့မှား ပြီးတော့ ကြဲတာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကလည်း ဘယ်လောက်ပဲ စစ်တပ်ထဲမှာ လုပ်ခဲ့ပါစေ၊ ဆင်ဖြူ ၁၀ ကောင် ဖမ်းတာကို ကျေးဇူးမတင်ဘူး၊ ဆင်မဲတကောင် လွတ်တာ ကျေးဇူးတင်တယ် ဆိုတဲ့ စစ်တပ်ထဲမှာ ပြောစမှတ်ရှိသလိုပဲ သူ့ရဲ့စစ်သားတွေကို ရန်သူလိုပဲ သတ်မှတ်တယ်။ ဒါကြောင့် မလို့ တိုက်ခိုက်သတ်ဖြတ်တာပေါ့။ သူ့စစ်သားတွေကို‌တောင် ရန်သူလို့ သတ်မှတ်တယ်ဆို၊ ပြည်သူ ဆိုရင်တော့ စဉ်းစားကြည့်မနေနဲ့တော့” လို့ ပြောပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကို အခံရဆုံးက အညာဒေသမှာ ပါဝင်တဲ့ စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။

စစ်တပ်က စစ်ကိုင်းကို နေ့စဉ်နီးပါး လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် ကလေးသူငယ်တွေဟာ နေ့စဉ်ဘဝမှာ ပညာသင်ကြားရေး ထိခိုက်သလို စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု တွေ ဖြစ်နေတယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ စည်ပင်သာယာရေးဝန်ကြီးဖြစ်တဲ့ CDM ဆရာမ ဒေါ်ရတီအုန်းက ပြောပြပါတယ်။

“ပြည်သူတွေဆိုတဲ့အထဲမှာ အဓိက ကလေးသူငယ်တွေက သူတို့ရဲ့ နေ့စဉ်ဘဝမှာ ဒီ လေကြောင်း အန္တရာယ်ကြောင့်မလို့ ပညာသင်ကြားရေးမှာလည်း ထိခိုက်တယ်၊ စိတ်ပိုင်းဆိုင်ရာလည်း မလုံခြုံမှု ဖြစ်တယ်၊ အချိန်တိုင်း ကောင်းကင်ကို တမော့ကြည့်ကြည့်နဲ့ သူတို့ထဲမှာ အကြောက်တရားတွေ ဖိစီး မှုတွေနဲ့ ကလေးငယ်တွေရဲ့ ဘဝက လုံခြုံမှု လုံးဝမရှိဘူး။”

စစ်တပ်က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်ကို မတ်လနောက်ပိုင်းမှာ ခေါ် ပြီး အစိုးရဖွဲ့ မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတာတော့ လျော့မသွား ပါဘူး။

ပြီးခဲ့တဲ့ မတ် ၁၀ ရက် ညနေ ၃ နာရီဝန်းကျင်ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်း အထက် နန့်ခုတ်နဲ့ မြလယ်တကြောကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်သွားတဲ့အတွက် ရွှေမျှောဖောင်မှာ အလုပ်လုပ်တဲ့သူ လတ်တလော စာရင်းအရ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013